
ဆီနီဂေါနိုင်ငံတွင် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနသည် ဆန်လုပ်ငန်းနယ်ပယ်၌ ပါဝင် လုပ်ကိုင်နေသူများနှင့် အစည်းအဝေး တစ်ရပ်ကျင်းပခဲ့အပြီးတွင် ဆန်အတွက် စားသောက်ကုန် တင်သွင်းမှုဆိုင်ရာ သွင်းကုန်ကြေညာလွှာများ ထုတ်ပေးခြင်းကို ဇူလိုင် ၈ ရက်နေ့မှစတင်၍ တစ်လ ဆိုင်းငံ့လိုက်ကြောင်း သိရှိရသည်။
အဆိုပါအစီအစဉ်သည် ပြည်တွင်းဈေးကွက်အပေါ် သွင်းကုန်မှ ဖိအားများသက်ရောက်မှုကို လျှော့ချရန်နှင့် ပြည်တွင်းရှိ ဆန်စပါးစိုက်ပျိုးသူများနှင့် ပြုပြင်ထုတ်လုပ်သူများအတွက် ၎င်းတို့၏ ထုတ်ကုန်ရောင်းချနိုင်မည့် အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ရန် ရည်ရွယ်ကြောင်း ဒေသခံ သတင်းမီဒီယာများက ဖော်ပြကြသည်။ ဆီနီဂေါအစိုးရသည် ထိုကဲ့သို့သော ရည်ရွယ်ချက်ဖြင့် အလားတူ စီမံဆောင်ရွက်မှုကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင်လည်း ချမှတ်ဖော်ဆောင်မှုရှိခဲ့သည်။
ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို ပထမအကြိမ် ဆောင်ရွက်ခဲ့ပြီးနောက် ၉ လအကြာတွင်မှ ထပ်မံ၍ အသစ်တစ်ဖန် ပြန်လည်လုပ်ဆောင်ခြင်းသည် ဤလုပ်ငန်းကဏ္ဍ၌ ဈေးကွက်တင်ရောင်း ချမှုဆိုင်ရာ စိန်ခေါ်မှုများ ဆက်လက်ပေါ်ပေါက်လျက်ရှိသည်ကို ထင်ဟပ်လျက်ရှိသည်။ ဆီနီဂေါ မြစ်ဝကျွန်းပေါ်နှင့် Falémé တောင်ကြားဒေသ ဖွံ့ဖြိုးတိုးတက်မှု အာဏာပိုင်အဖွဲ့ (SAED) ၏ ခန့်မှန်းချက်များအရ လက်ရှိကာလတွင် ဆန်စက်များလက်ဝယ်၌ ဆန်တန်ချိန် ၃၇၀၀၀ ခန့်ရှိနေ ပြီး သွင်းကုန်ကန့်သတ်ထားရှိမှုသည် ၎င်းကုန်လက်ကျန်များ ရှင်းလင်းရောင်းချမှုကို အထောက် အကူပြုမည်ဖြစ်သည်။
ဆန်တင်သွင်းမှု ယာယီဆိုင်းငံ့ခြင်း၏ နောက်ကွယ်၌ အစိုးရသည် ဈေးကွက်ကြပ်မတ်မှု စနစ် အသစ်တစ်ခုကို အစပြုဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် သွင်းကုန်ခွင့်ပြုချက်အသစ် လက်ခံရရှိခြင်း မရှိမီ ပြည်တွင်း၌ထုတ်လုပ်သော သတ်မှတ်ထားရှိ သည့် ဆန်တန်ချိန်ပမာဏကို ဝယ်ယူထားပြီးဖြစ်ကြောင်း သက်သေပြရန် လိုအပ်မည်ဖြစ်သည်။
အဆိုပါမူဝါဒသည် ပြည်တွင်း၌ ဈေးကွက်ဝေစု ပမာဏကြီးမားစွာ ရယူထားသည့် အဓိက ကုန်သည်ကြီးများအနေဖြင့် ၎င်းတို့၏ တည်ရှိထားပြီးဖြစ်သော ကုန်စည်ဖြန့်ဖြူးမှု လမ်းကြောင်း များတွင် ပြည်တွင်းထွက်ဆန်များကို အပြည့်အဝ ပေါင်းစည်းရယူလုပ်ကိုင်လာစေရန် ဒီဇိုင်းပုံစံ ထုတ်ထားခြင်းဖြစ်သည်။ ယခုအစီအစဉ်သည် ဆီနီဂေါဆန်နှင့် ပြည်ပမှတင်သွင်းသည့်ဆန်တို့ အကြား ယှဉ်ပြိုင်နိုင်စွမ်းကွာဟနေမှုကို ကျဉ်းမြောင်းလာစေပြီး စားသုံးသူများ၏ လိုလားချက် ဖြစ်သော ဈေးနှုန်းသက်သာမှုနှင့် ကျယ်ပြန့်စွာ ကုန်စည်ဝယ်ယူရရှိနိုင်မှုကို ဖြည့်စွမ်းပေးလိမ့်မည် ဟု အစိုးရက မျှော်လင့်ထားသည်။
ယင်းအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြည်တွင်း၌ထွက်ရှိသော စပါး တစ်ကီလိုဂရမ် လျှင် ဆီနီဂေါနိုင်ငံသုံး ငွေကြေး CFA ၂၈၀ နှုန်းဖြင့် ဝယ်ယူရန် သတ်မှတ်ထားသည်။ ဆန်စက် လုပ်ငန်းရှင်များ အနေဖြင့် ပြုပြင်ထုတ်လုပ်မှု ကုန်ကျစရိတ်ကို ကာမိစေရန်နှင့် ပြည်ပမှတင်သွင်း လာသောဆန်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်တို့အတွက် စပါးတစ်ကီလိုဂရမ်လျှင် CFA ၅၀ နှုန်းဖြင့် အစိုးရထံမှ ထောက်ပံ့ကြေး ရရှိမည်ဖြစ်သည်။
အစိုးရ၏ ရည်မှန်းချက်မှာ လက်ရှိကာလ ပြည်တွင်းထုတ်လုပ်မှုမှ ကုန်လက်ကျန် များပြား နေမှုကို လျှော့ချခြင်းထက် ကျော်လွန်မှုရှိပြီး ပြည်တွင်းဈေးကွက်၌ ဆီနီဂေါဆန်များ ကြာရှည်စွာ နေရာရယူနိုင်မည့် စီးပွားရေးပုံစံတစ်ရပ်ကို တည်ထောင်ရန် နည်းလမ်းရှာဖွေလျက်ရှိသည်။ သို့ရာ တွင် ပြည်တွင်းဆန်ဝယ်လိုအား အများစုကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်ပမှတင်သွင်းခြင်း ကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။
အမေရိကန် စိုက်ပျိုးရေးဌာန (USDA) ၏ ခန့်မှန်းချက်များအရ ၂၀၂၆-၂၀၂၇ ဈေးကွက်တင် ရောင်းဝယ်ရေးနှစ်တွင် ဆီနီဂေါနိုင်ငံ၏ ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၆၇၀၀၀၀ အထိ ရောက်ရှိ နိုင်ကြောင်း၊ ပြည်တွင်း စားသုံးရန် လိုအပ်ချက်မှာ တန်ချိန် ၂.၃၅ သန်းခန့်ရှိနိုင်ကြောင်း၊ ဤအခြေ အနေတွင် ဆီနီဂေါ၏ ဆန်တင်သွင်းမှုသည် ၇.၆၉ ရာခိုင်နှုန်း မြင့်တက်လျက် ဆန်တန်ချိန် ၁.၄ သန်းအထိ ရှိလာနိုင်ကြောင်း သိရှိရသည်။
Source: Ecofin Agency, 10 July 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
