
၁၃-၇-၂၀၂၆ နေ့ (တနင်္လာနေ့)၊ မွန်းလွဲ(၁၃:၀၀)နာရီအချိန်၌ မြင်းခြံမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)က မြန်မာနိုင်ငံတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပြဌာန်းထားရှိမှု၊ ကုန်စည်နှင့်ဝန်ဆောင်မှုတို့နှင့်ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် မြန်မာဘာသာ ဖြင့် မဖြစ်မနေဖော်ပြရမည့် အခြေအနေများနှင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာပါဝင်သောကုန်စည်များကိုဝယ်ယူသုံးစွဲနိုင်မှသာဘေးကင်းလုံခြုံစိတ်ချရမှုရှိနိုင်မည်ဖြစ်ကြောင်း၊ကုန်စည်များဝယ်ယူရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်နှင့် ကုန်အညွှန်း အမှတ်အသားများ စိစစ်ရွေးချယ်ဝယ်ယူသုံးစွဲတတ်သည့် အလေ့အကျင့်များ ရှိရန်လိုအပ်ပါကြောင်း၊ စားသုံးသူများထိခိုက်နစ်နာမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)၊ စားသုံးသူရေးရာဦးစီးဌာနအင်တာနက်စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် စားသုံးသူရေးရာဦးစီးဌာနFacebookစာမျက်နှာများတွင် တိုင်ကြားနိုင်ခွင့် ရှိသည့် အခြေအနေများ၊ အလွယ်တကူ တိုင်ကြားနိုင်မည့် နည်းလမ်းများနှင့် Cell Center 1535 သို့ လက်တွေ့ဖုန်းခေါ်ဆိုကာ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းမုန့်ဈေး ရောင်းချသူများ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြင်းခြံခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့တို့နှင့်အတူ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ကုန်စည်များကို စစ်ဆေးခဲ့ကြောင်းသိရသည်။
DOCA(မန္တလေး)
