Main menu

အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်တန်ကြေးရှိသော ကုန်သွယ်ရေးသဘောတူညီချက် ပြုလုပ်တော့မည့် Pakistan နိုင်ငံနှင့် Vietnam နိုင်ငံ

Powered by Drupal

         Pakistan နှင့် Vietnam တို့အကြား အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် နီးစပ်နေပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုလွတ်လပ်ခွင့်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် ရည်ရွယ်သည့် နှစ်ဦးနှစ်ဖက် အထူးအခွင့်အရေးပေး ကုန်သွယ်မှုသဘောတူညီချက် (PTA) ကို မကြာမီ လက်မှတ်ရေးထိုးတော့မည်ဖြစ်ကြောင်း သိရပါသည်။

       ပါကစ္စတန်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Pham Anh Tuan က အဆိုပြုထားသည့် သဘောတူညီချက်အတွက် ဆွေးနွေးမှုများသည် သိသာထင်ရှားစွာ တိုးတက်လျက်ရှိပြီး ဆွေးနွေးပွဲလေးကြိမ်တိုင်တိုင် ပြီးစီးခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

       ၎င်းက PTA သဘောတူညီချက်ကို မကြာမီ အပြီးသတ်နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များအကြား လက်မှတ်ရေးထိုးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ သံအမတ်ကြီးက အဆိုပါ သဘောတူညီချက်သည် နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စျေးကွက်ရရှိမှုတို့အတွက် ပိုမိုခိုင်မာသော မူဘောင်တစ်ရပ်ကို ထူထောင်ပေးမည်ဖြစ်ကြောင်းနှင့် ကုန်သွယ်မှု အတားအဆီးများကို လျှော့ချပေးကာ ကဏ္ဍအသီးသီး၌ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

         ပါကစ္စတန်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြား ကုန်သွယ်မှုသည် လက်ရှိတွင် ဒေါ်လာ သန်း ၉၀၀ ဝန်းကျင်သို့ ရောက်ရှိနေပြီဖြစ်ပြီး အဆိုပါသဘောတူညီချက်သည် နှစ်နိုင်ငံအကြား တိုးတက်လာနေသည့် စီးပွားရေးဆက်ဆံရေးကို ပြသနေကြောင်း သိရပါသည်။ ထို့ပြင် PTA စတင်အသက်ဝင်လာပါက နှစ်နိုင်ငံကုန်သွယ်မှုသည် ဒေါ်လာ ၁ ဘီလီယံကျော်အထိ ရောက်ရှိလိမ့်မည်ဖြစ်ကြောင်း သိရပါသည်။ Tuan က နှစ်နိုင်ငံစလုံးတွင် အထည်အလိပ်၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သတင်းအချက်အလက် နည်းပညာ (IT)၊ ဆေးဝါးလုပ်ငန်း၊ အစားအစာ ပြုပြင်ထုတ်လုပ်ရေးနှင့် အပေါ့စားကုန်ထုတ်လုပ်မှု လုပ်ငန်းများ၌ တစ်ဦးနှင့်တစ်ဦး ဖြည့်ဆည်းပေးနိုင်စွမ်းရှိပြီး အသုံးမချရသေးသည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများစွာရှိနေကြောင်း ပြောကြားခဲ့ပါသည်။

     သံအမတ်ကြီးသည် နှစ်နိုင်ငံကုန်သွယ်မှု၏ ရေရှည်တည်တံ့သော တိုးတက်မှုကို အထောက်အကူပြုစေရန် ပုဂ္ဂလိကကဏ္ဍများ၊ ကုန်သည်ကြီးများအသင်းများနှင့် နှစ်နိုင်ငံ လုပ်ငန်းကိုယ်စားလှယ်များအကြား ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံကို အလေးပေး ပြောကြားခဲ့ပါသည်။ ၎င်းက စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခြင်း၊ ကုန်စည်ပြပွဲများကျင်းပခြင်း၊ ရင်းနှီးမြှုပ်နှံမှုဖိုရမ်များနှင့် တိုက်ရိုက် စီးပွားရေးချင်း ချိတ်ဆက်ဆောင်ရွက်မှုများ (B2B) သည် ကုန်သွယ်မှု မိတ်ဖက်အသစ်များ ဖန်တီးရန်နှင့် အပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေရန် အထောက်အကူပြုလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
       သံတမန်၏ ပြောကြားချက်အရ အဆိုပြုထားသည့် PTA သဘောတူညီချက်သည် ဖက်စပ်လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ နည်းပညာ လွှဲပြောင်းပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုများကိုလည်း မြှင့်တင်ပေးမည်ဖြစ်ရာ ၎င်းသည် ပိုမိုနက်ရှိုင်းသော စီးပွားရေး ပေါင်းစည်းမှုကို ဖြစ်ပေါ်စေပြီး နှစ်နိုင်ငံစလုံးရှိ ကုန်တင်ပို့သူများနှင့် စေတနာ့ဝန်ထမ်း စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းအသစ်များကို ဖန်တီးပေးလိမ့်မည်ဖြစ်ကြောင်း သိရပါသည်။ Tuan က ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုအားကောင်းစေခြင်းနှင့် တစ်ဦး၏ စီးပွားရေးအားသာချက်များကို တစ်ဦးက ပိုမိုနားလည်သဘောပေါက်စေခြင်း တို့မှတစ်ဆင့် ပါကစ္စတန်-ဗီယက်နမ် ဆက်ဆံရေးအပေါ် ပြည်သူများ၏ သတိပြုမိမှုကို မြှင့်တင်ရန်လိုအပ်ကြောင်းကိုလည်း အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။

          ပါကစ္စတန်နှင့် ဗီယက်နမ်တို့သည် မကြာသေးမီ နှစ်များအတွင်း သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများကို ဆက်တိုက်တိုးချဲ့ ဆောင်ရွက်လျက်ရှိပြီး အစိုးရနှစ်ရပ်စလုံးက ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသတွင်း ချိတ်ဆက်မှုများကို မြှင့်တင်ရန် ကတိကဝတ်ပြုထားကြကြောင်း သိရပါသည်။ အဆိုပြုထားသည့် PTA သည် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ကုန်သွယ်မှုကို ဒေါ်လာ ၁ ဘီလီယံအထက်သို့ မြှင့်တင်ရန် ရည်မှန်းချက်ကို အထောက်အပံ့ဖြစ်စေရန် အဓိက အခန်းကဏ္ဍမှ ပါဝင်လာလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Link news                                                                     

DOCA (ရန်ကုန်)