
စားသုံးသူပြည်သူတို့၏ အခွင့်အရေးများနှင့်ရပိုင်ခွင်များကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်၊ စားသုံးသူတိုင်ကြားမှုများကို စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်းဖြင့် စားသုံးသူများ စိတ်ကျေနပ်မှုရရှိ စေရန်၊ တိုင်ကြားမှုများနှင့်စပ်လျဉ်း၍ မှန်ကန်မျှတသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များ၊စီးပွားရေးကျင့်ဝတ်နှင့်အညီဆောင်ရွက်ကြစေရေးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ခရိုင်စားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေး(၃/၂၀၂၆)ကို ၁၃.၇.၂၀၂၆ ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေမှ အဖွင့်အမှာစကားပြောကြားရာတွင် ကျိုင်းတုံခရိုင်၊ ကော်မတီကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့တွင် အဖွဲ့ဝင်(၅)ဦးဖြင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ အတည်ပြု ဖွဲ့စည်းထားရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆိုသည်မှာ စားသုံးသူများအတွက် ထိခိုက်နစ်နာမှု ဖြစ်စေသော ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ ဆိုးကျိုးများမှ ကာကွယ်ပေးခြင်းနှင့် စားသုံးသူများ၏ အကျိုးစီးပွားကိုကာကွယ်ပေးရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တစ်ဦး တစ်ယောက်အတွက်မဟုတ်ဘဲ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် လုပ်ငန်း ဖြစ်သည့်အတွက် အားလုံး ဝိုင်းဝန်းကူညီဖြေရှင်းသုံးသပ်အကြံပြုပေးစေလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မတီအတွင်းရေးမှူး ဦးသန့်ဇင်က စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား အမှာစာများဖြင့် အသေးစိတ်ရှင်းလင်းခဲ့ပြီး ဆောင်ရွက်ချက်များအား မှတ်တမ်းတင် ထားရှိနိုင်ရေး တင်ပြခဲ့ပါသည်။ ယင်းနောက် အဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးခဲ့ပြီး ကော်မတီဥက္ကဋ္ဌ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေမှစားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်များအား မှတ်တမ်းတင်ပါကြောင်းနှင့်စားသုံးသူအကျိုးအတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း နိဂုံးချုပ် ပြောကြား၍ မွန်းလွဲ (၁၅:၀၀) နာရီ အချိန်တွင် ကျိုုင်းတုံခရိုင်၊ ကော်မတီအစည်းအဝေး ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
