
စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၂/၂၀၂၆) ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးရေး အရာရှိ (၁၃၁) ဦးက Online (Zoom Platform) မှတဆင့် တက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စစ်ဆေးရေးအရာရှိများ မဖြစ်မနေ သိရှိလိုက်နာ ဆောင်ရွက်သွားရမည့် အချက်များ၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းနှင့် မြေပြင် စစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဘာသာရပ် တာဝန်ခံများမှ ဆွေးနွေးခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့်တကွ ဒုတိယညွှန်ကြားရေးမှူး ချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဘာသာရပ်တာဝန်ခံများနှင့် တာဝန်ရှိသူများက In Person တက် ရောက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများနှင့် သင်တန်းသား များက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။
အဆိုပါ သင်တန်းကို စစ်ဆေးရေးအရာရှိများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ များနှင့် ညွှန်ကြားချက်များအား နားလည်သဘောပေါက်စေရန်နှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း မှန်ကန် စွာဖြင့် ထိရောက်စွာ ဆောင်ရွက်တတ်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။
