
မလေးရှားနိုင်ငံရှိ စားသုံးဆီအဓိကတင်သွင်းသူများအနေဖြင့် စားအုန်းဆီဝယ်လိုအား အေး နေပြီး စွမ်းအင်ဈေးနှုန်း အခိုင်အမာရှိနေသော်လည်း စားအုန်းဆီဈေးနှုန်းသည် နောက်လအတွင်း အတက်အကျ အကန့်အသတ်အတွင်း ရှိနိုင်ကြောင်း စားအုန်းဆီကောင်စီ(industry council) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
စားအုန်းဆီကြမ်းဈေးနှုန်းသည် ဩဂုတ်လတွင် တစ်တန်ကို ၄,၄၀၀ ရင်းဂစ် မှ ၄,၆၅၀ ရင်းဂစ် အကြား အရောင်းအဝယ်ဖြစ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း မလေးရှားစားအုန်းဆီ ကောင်စီက ထုတ်ပြန်ကြေညာချက်တစ်ခုမှာ ပြောကြားခဲ့သည်။ ဘိုင်အိုဒီဇယ်ဝယ်ယူမှု စည်းမျဉ်း သတ်မှတ်ချက်များအပြင် အမေရိကန်-အီရန် ပဋိပက္ခပြန်လည်ဖြစ်ပွားခြင်းကြောင့် လောင်စာဆီ ဈေးနှုန်းသည် စားအုန်းဆီနှင့် ပဲပုတ်ဆီဈေးနှုန်းထက် ပိုမိုမြင့်တက်စေလာသည်ကို ဂရုပြုမိလာ စေခဲ့သည်။
အဓိကစားသုံးသည့် ဈေးကွက်တွင် ဟင်းသီးဟင်းရွက်ဆီလက်ကျန်ပမာဏမြင့်မားနေခြင်း နှင့် ဝယ်လိုအားနည်းနေခြင်းတို့ကြောင့် ဈေးနှုန်းပိုမိုရရှိရန် အကန့်အသတ်ရှိနိုင်ကြောင်း အဆိုပါ ကောင်စီက ဆိုသည်။
ရေခဲမုန့်မှသည် ဆပ်ပြာဆီအထိ တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည့် စားသုံးဆီ၏ ဈေးနှုန်း သည် ရာသီဥတု အခြေအနေအပေါ် စိုးရိမ်မှုများကြောင့် ကုန်ထုတ်လုပ်မှုကျဆင်းခဲ့သဖြင့် ယခုနှစ် မှစ၍ ၁၄ ရာခိုင်နှုန်း မြင့်တက်သွားသည်။ သို့သော်ငြားလည်း ဝယ်လိုအားနည်းနေချိန် ပစ္စည်းလက် ကျန် များပြားခြင်းက ဈေးနှုန်း အဆမတန်မြင့်တက်ခြင်းကို ထိန်းသိမ်းနိုင်ဖို့အတွက် အထောက် အပံ့ ဖြစ်စေခဲ့သည်။
မတ်လကစတင်ပြီး ရာသီအလိုက် ထုတ်လုပ်မှု တိုးတက်သည့် ကာလသို့ ရောက်ရှိလာသဖြင့် လစဉ်ထုတ်လုပ်မှုပမာဏသည် ဇွန်လ၌ ၈ ရာခိုင်နှုန်းထိ မြင့်တက်ကာ တန်ချိန်ပေါင်း ၁.၆၃သန်းထိ ရှိခဲ့သောကြောင့် မလေးရှားနိုင်ငံရှိ ဆီလက်ကျန်ပမာဏသည် ၄ လ အတွင်း အမြင့်ဆုံး မြင့်တက် ခဲ့သည်။
အဓိက တင်သွင်းသည့်ဈေးကွက်၌ ဟင်းသီးဟင်းရွက်ဆီဝယ်လိုအားသည် အသင့်အတင့် အနေအထားသာ ရှိနေသေးကြောင်း အဆိုပါ ကောင်စီက ပြောကြားခဲ့သည်။ ထို့အပြင် တင်သွင်းမှု နှေးကွေးနေသော်ငြားလည်း လက်ကျန်ပမာဏမြင့်မားနေခြင်းက ငွေကြေးဖောင်းပွမှု ဖိအားများ ကြားတွင် ဆီစားသုံးမှုနည်းပါးနေသည်ကို ညွှန်းဆိုနေကြောင်း သိရသည်။
သို့သော်လည်း အိန္ဒိယနိုင်ငံသည် ဒီပါဝလီ (Diwali) ပွဲတော် မတိုင်မီကာလများဖြစ်သည့် ဇူလိုင်လ နှင့် စက်တင်ဘာလအကြားကာလများတွင် ပုံမှန်အားဖြင့် နှစ်စဉ် ဟင်းသီးဟင်းရွက်ဆီ လိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းခန့်ကို တင်သွင်းလေ့ရှိသဖြင့် ကုန်ပစ္စည်း ပြန်လည်ဖြည့်တင်းမှုများ ပြုလုပ်လာမည်ဖြစ်ရာ ဝယ်လိုအားကို ပြန်လည်ဖြည့်တင်းပေးလိမ့်မည်ဟု ကောင်စီက မျှော်လင့် ထားသည်။
မလေးရှားနိုင်ငံစားအုန်းဆီကောင်စီကို အစိုးရမှကိုယ်စားလှယ်များအပြင် ဆီစက်ပိုင်ရှင် များ၊ ဆီသန့်စင် စက်ပိုင်ရှင်များ၊ စိုက်ပျိုးသူ တောင်သူငယ်များ၊ ထုတ်လုပ်သူများနှင့် အခြားသော စက်မှုလုပ်ငန်း အသင်းအဖွဲ့များဖြင့် ပါဝင်ဖွဲ့စည်းထားရှိကြောင်း သိရသည်။
Source: The Edge Malaysia, 23 Jul 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
