
အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီအခြေပြု B50 ဇီဝဒီဇယ်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် ဇူလိုင်လမှစ၍ ပြည်ပမှဒီဇယ်ဆီတင်သွင်းမှုကို လုံးဝရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း သမ္မတ Prabowo Subianto က ကြေညာခဲ့ပါသည်။ သမ္မတ Prabowo Subianto သည် ဇူလိုင် ၁၇ ရက်က East Java ပြည်နယ် Malang မြို့ရှိ Abdulrachman Saleh Air Force Base တွင်ကျင်းပသည့် စပါးရိတ်သိမ်းပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် အင်ဒိုနီးရှား သည် ဇီဝလောင်စာနည်းပညာကဏ္ဍတွင် ကမ္ဘာ့ရှေ့ဆောင်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက် ရှိကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီအခြေပြု ဇီဝဒီဇယ် ၅၀ ရာခိုင်နှုန်းပါဝင်သည့် ဒီဇယ်လောင်စာကို ထုတ်လုပ်နိုင်သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်ကြောင်း သိရပါသည်။ သမ္မတက ၎င်းတို့သည် ကမ္ဘာပေါ်တွင် B50 ကို ပထမဆုံးထုတ်လုပ်နိုင်သည့် နိုင်ငံ ဖြစ်လာခဲ့ကြောင်း၊ ယခုဆိုပါက စားအုန်းဆီမှ ဒီဇယ်လောင်စာကို ထုတ်လုပ်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ဇူလိုင်လမှစ၍ ပြည်ပမှဒီဇယ်ဆီကို ထပ်မံတင်သွင်းတော့မည် မဟုတ်ကြောင်း၊ ဒီဇယ်ဆီတင်သွင်းမှုကို ရပ်ဆိုင်းလိုက်ခြင်းဖြင့် ပြည်သူများအတွက် စီးပွားရေးအကျိုးကျေးဇူးများစွာ ရရှိလာမည်ဖြစ်ကြောင်း၊ ပြည်ပမှလောင်စာဆီဝယ်ယူရာတွင်အသုံးပြုခဲ့သည့် နိုင်ငံတော်ဘဏ္ဍာ ငွေများကို ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍများသို့ ပြန်လည်လှည့်ပတ်အသုံးပြုနိုင်ရန် အစိုးရက ရည်ရွယ်ထားကြောင်းနှင့် ထိုငွေများကို အင်ဒိုနီးရှားနိုင်ငံအတွင်းတွင် လှည့်ပတ်သုံးစွဲပြီး နိုင်ငံတစ်ဝန်းမှ စားအုန်းစိုက်တောင်သူများ အကျိုးခံစားရသည်က ပိုကောင်းမွန်ကြောင်း ပြောကြားခဲ့ပါသည်။ B50 သို့ ကူးပြောင်းအသုံးပြုခြင်းသည် အင်ဒိုနီးရှား၏ပေါများသည့် ပြည်တွင်းသယံ ဇာတအရင်းအမြစ်များကိုအသုံးချကာ စွမ်းအင်လုံခြုံရေးမြှင့်တင်ရန် ရည်ရွယ်သည့် အရှိန်မြှင့် မဟာဗျူဟာ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း သိရပါသည်။ ဇီဝဒီဇယ်အပြင် အစိုးရသည် ဇီဝအီသနော ၁၀ ရာခိုင်နှုန်း ရောစပ်ထားသည့် E10 ဓာတ်ဆီကိုလည်း စတင်ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိပြီး ၎င်းကို ဇီဝအီသနောအသုံးပြုမှု ပိုမိုတိုးချဲ့နိုင်ရေးအတွက် အခြေခံအဆင့်အဖြစ် သတ်မှတ်ထားကြောင်း သိရပါသည်။ အနာဂတ်တွင် E20 အဆင့်အထိ တိုးမြှင့် ထုတ်လုပ်နိုင်ရန် အင်ဒိုနီးရှားကရည်မှန်းထားပြီး ၎င်းရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် ဇီဝအီသနောထုတ်လုပ်ရေးစက်ရုံသစ်များ တည်ဆောက်ရေးကို အရှိန်မြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ သမ္မတ Prabowo Subianto က လက်ရှိတွင် အင်ဒိုနီးရှား၌လည်ပတ်နေသော ဇီဝအီသနောထုတ်လုပ်ရေးစက်ရုံမှာ တစ်ရုံသာရှိသေးသဖြင့် ပြည်တွင်းထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ရေးအတွက် အကြီးမားဆုံးကြိုးပမ်းအားထုတ်မှုများ လိုအပ်နေကြောင်းလည်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
