Main menu

တရုတ်စားသုံးသူဈေးကွက်အတွင်းဝင်ရောက်ရန် အင်ဒိုနီးရှား MSME များကို တိုက်တွန်းခဲ့သည့် တရုတ်သံအမတ်ကြီး

Powered by Drupal

         အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Lutong က အင်ဒိုနီးရှားနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အနေဖြင့် လူဦးရေ ၁.၄ ဘီလီယံရှိသော တရုတ်နိုင်ငံ၏စားသုံးသူဈေးကွက်အတွင်း စီးပွားရေးအခွင့်အလမ်းများကို အပြည့်အဝအသုံးချရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ သံအမတ်ကြီး Wang Lutong က အင်ဒိုနီးရှား MSMEs များ နိုင်ငံတကာဈေးကွက်ထဲသို့ တိုးချဲ့ဝင်ရောက်နိုင်ရန် ၎င်းတို့ အားပေးထောက်ခံကြောင်း၊ ၎င်းသည် လုပ်ငန်းများ၏ဖွံ့ဖြိုးတိုးတက်နိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးရုံသာမက ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်များတွင် ကုန်ပစ္စည်းအမျိုးအစား ပိုမိုစုံလင် လာစေမည်ဖြစ်ကြောင်း ANTARA သတင်းဌာနသို့ပေးပို့သော ရေးသားဖြေကြားချက်တွင် ဖော်ပြခဲ့ ပါသည်။ ၎င်းက MSMEs များသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ပေးသည့် အဓိကအင်အားစုများဖြစ်ပြီး အလုပ်အကိုင်ဖန်တီးရေး၊ ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြှင့်တင်ရေးနှင့် စီးပွားရေးလှုပ်ရှားမှုတိုးတက်ရေးတို့တွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ တရုတ်စားသုံးသူများသည် အရည်အသွေးမြင့်၍ အမျိုးအစားစုံလင်သော ကုန် ပစ္စည်းများကို ပိုမိုလိုလားလာကြောင်းနှင့် တရုတ်ဈေးကွက်တွင် အင်ဒိုနီးရှားနိုင်ငံ၏ အရည်အသွေးမြင့် စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများနှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သောထုတ်ကုန်များကို ကောင်းစွာအသိအမှတ်ပြုထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုကဲ့သို့ဝယ်လိုအားမြင့်တက်လာခြင်းသည် အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသောအခွင့်အလမ်းများကို ဖန်တီးပေးနေကြောင်း သိရပါသည်။ ထို့အပြင် အင်ဒိုနီးရှားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံတွင် စီးပွားရေးအခွင့်အလမ်းများကို ရှာဖွေလာသည့်အလားအလာလည်း မြင့်တက်လာနေကြောင်း သိရပါသည်။ ၎င်းကို အထောက်အကူပြုနိုင်ရန် တရုတ်နိုင်ငံသည် “Export to China” နှင့် “Invest in China” အစီအစဉ်များအပါအဝင် နိုင်ငံအနှံ့ကျင်းပသည့် အဓိကကုန်သွယ်မှုပြပွဲများတွင် အင်ဒိုနီးရှား MSMEs များ ပါဝင်နိုင်ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ Wang Lutong က ထိုကဲ့သို့ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် အင်ဒိုနီးရှားလုပ်ငန်းများသည် တရုတ်ဈေးကွက်နှင့် ကိုက်ညီသည့် ထူးခြားလက္ခဏာရှိပြီး အရည်အသွေးမြင့် ထုတ်ကုန်များကို ဖွံ့ဖြိုးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြားနယ်စပ်ဖြတ်ကျော် QR Code ငွေပေးချေမှုစနစ်များ ချိတ်ဆက်အသုံးပြုနိုင်လာခြင်းကြောင့် အင်ဒိုနီးရှားနှင့် တရုတ် MSMEs များအကြား ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုခိုင်မာလာမည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား၏ QRIS စနစ်နှင့် တရုတ်၏ QR ငွေပေးချေမှုစနစ်များ အပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်ခြင်းကြောင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု ကုန်ကျစရိတ်များ လျော့နည်းလာမည်ဖြစ်ပြီး ရင်းနှီးငွေအသုံးချမှု ထိရောက်မှုမြင့်မားလာကာ ပိုမိုလုံခြုံ၍ လွယ်ကူမြန်ဆန်သည့် ငွေပေးချေမှုစနစ်ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ Wang Lutong က ထိုစနစ်သည် နှစ်နိုင်ငံအကြား ငွေပေးချေမှုများကို ပိုမိုလွယ်ကူချောမွေ့စေပြီး MSMEs များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အားသစ်ဖြစ်စေသကဲ့သို့ စားသုံးမှုကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)