Main menu

ဆောင်းရာသီ၏ ရာသီစာ အိန္ဒိယမုန်ညှင်း

Powered by Drupal

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ကျေးရွာများဖြစ်သော ချင်းဆိုင်၊ ဆည်တော၊ ဇင်းကလင်း၊ ဆည်တော်ဦး၊ ကျောင်းတိုက်၊ သဖန်းအိုင်၊ ညောင်တောစသည့် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးပြီး ဒေသနှင့်ကိုက်ညီသည့် ရာသီစာအိန္ဒိယမုန်ညှင်းစိုက်ပျိုး ရောင်းချခြင်းဖြင့် နှစ်စဉ် ဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရပါသည်။

              ညောင်တောကျေးရွာတွင် ( ၆ ) လမုန်ညှင်း၊ ဆီစားမုန်ညှင်း၊ အိန္ဒိယမုန်ညှင်း၊ ကိုက်လန်နှင့် ရိုးဖြူမုန်ညှင်းစသည့် မုန်ညှင်းအမျိုးအစားများကို စိုက်ပျိုးကြသော်လည်း အိန္ဒိယ မုန်ညှင်းကို လူကြိုက်များပြီး အရောင်းသွက်သော မုန်ညှင်းအမျိုးအစား တစ်မျိုးဖြစ်ပါကြောင်း တောင်သူ ဦးထွန်းမြင့်ထံမှ မေးမြန်းသိရှိရပါသည်။

              မိမိအနေဖြင့် အိန္ဒိယမုန်ညှင်းကို စပါးရိတ်သိမ်းပြီးနောက် လယ်ရိုးကျွတ် လယ်ယာမြေပေါ်တွင် အပိုဝင်ငွေရရှိရေးအတွက် ကောက်ရိုးငုတ်များကို မီးရှို့၊ ရေသွင်းပြီး အောက်တိုဘာလတွင် အိန္ဒိယမုန်ညှင်းမျိုးစေ့များကြဲကာ ( ၂၀ ) ရက်သားအချိန်ခန့်တွင် မုန်ညှင်းပင်ပေါက်များသားခွဲပြီးနောက် နိုဝင်ဘာလတွင် စတင်၍ မုန်ညှင်းဖူးများကောက်ယူကာ ဈေးကွက်အတွင်းသို့ဖြန့်ဖြူးရောင်းချပြီး တစ်ပိဿာလျှင် ( ၂၅၀၀ ) ကျပ်ဖြင့် ဖောက်သည် ပေး၍ ဈေးကောင်းရရှိလျက်ရှိကြောင်း၊ ဒီဇင်ဘာလတွင် တစ်ပိဿာလျှင် ( ၁၀၀၀ ) ကျပ်ခန့်သာ ဈေးနှုန်းရရှိသောကြောင့် ဦးစွာစိုက်ပျိုး၍ အဖူးကောက်ယူရပါက ဈေးနှုန်းပိုမိုရရှိသည့်အတွက် အခြားတောင်သူများထက် ပိုမိုဝီရိယထားကာ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

              ဈေးကွက်များအနေဖြင့် ကလေးမြို့ပေါ်၊ ကလေးဝမြို့၊ မင်းကင်းမြို့နှင့် တမူးမြို့များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး မုံရွာမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့များသို့ ဒေသထွက် ရာသီစာ လက်ဆောင်များအဖြစ် ဝယ်ယူ၍ ပေးပို့ကြပါသည်။ မုန်ညှင်းဖူးများကိုပေါင်း၍လည်း မြို့ပေါ် ရပ်ကွက်များသို့ လှည့်လည်ရောင်းချမှုများလည်း ရှိပါသည်။

          ရာသီစာ အိန္ဒိယမုန်ညှင်း စိုက်ပျိုးရောင်းချခြင်းဖြင့် နှစ်စဉ်ဝင်ငွေရရှိကာ မိသားစု စီးပွားရေးအတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အပံ့ဖြစ်ကာ ဝင်ငွေရရှိလျက်ရှိကြောင်း လေ့လာ သိရှိရပါသည်။

DOCA(စစ်ကိုင်း)