
ဥရောပတိုက်၌ စံချိန်တင်အပူလှိုင်းများ ဖြစ်ပေါ်နေမှုကြောင့် လေအေးပေးစက်ဝယ်လိုအား မြင့်တက်လာသဖြင့် ထိုင်းနိုင်ငံမှ လေအေးပေးစက်ထုတ်လုပ်သူများအနေဖြင့် ဥရောပဈေးကွက်သို့ ပိုမိုတိုးချဲ့ဝင်ရောက်သင့်ကြောင်း ထိုင်းကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး (Trade Policy and Strategy Office – TPSO) က တိုက်တွန်းထားကြောင်း သိရပါသည်။ ဥရောပသမဂ္ဂ၏ တင်းကျပ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသည့် စွမ်းအင်ချွေတာနိုင်သော လေအေးပေးစက်များကို ဦးစားပေးထုတ်လုပ်သင့်ကြောင်း TPSO က အကြံပြုထားပါသည်။ ယခုနှစ်မေလအတွင်း ထိုင်းနိုင်ငံ၏ လေအေးပေးစက်တင်ပို့မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄၉ သန်းရှိခဲ့ပြီး ယခင်နှစ် တူညီသည့်ကာလထက် ၄၀.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ၂၀၂၅ ခုနှစ် အောက်တိုဘာလနောက်ပိုင်း အမြင့်ဆုံးတိုးတက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါသည်။ ယခုနှစ်ဇန်နဝါရီလမှမေလအထိ လေအေးပေးစက်တင်ပို့မှုစုစုပေါင်းတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၇၈၄ သန်းရှိခဲ့ပြီး ယခင်နှစ် တူညီသည့်ကာလထက် ၁၈.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ မေလအတွင်း တင်ပို့မှုအများဆုံးတိုးတက်ခဲ့သည့် ကုန်ပစ္စည်းများမှာ အပူစုပ်စနစ် (Heat Pump) ပါဝင်သည့် နှစ်မျိုးသုံးလေအေးပေးစက်များဖြစ်ပြီး ၇၀.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ထို့နောက် လေအေးပေးစက် အပိုပစ္စည်းများမှာ ၄၉.၆ ရာခိုင်နှုန်းနှင့် ပြတင်းပေါက် သို့မဟုတ် နံရံတွင် တပ်ဆင်သည့် လေအေးပေးစက်များမှာ ၂၁.၆ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုအများဆုံးဈေးကွက်မှာ ဂျာမနီနိုင်ငံဖြစ်ပြီး တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၀.၈ သန်းရှိကာ ယခင်နှစ်ထက် ၈၉.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ ကြောင်း သိရပါသည်။ ပြင်သစ်နိုင်ငံသို့တင်ပို့မှုမှာ ၅၀.၉ ရာခိုင်နှုန်း၊ ဗြိတိန်နိုင်ငံသို့ ၅၈.၂ ရာခိုင်နှုန်းနှင့် စပိန်နိုင်ငံသို့ ၄၂.၂ ရာခိုင်နှုန်းအသီးသီးတိုးတက်ခဲ့ကြောင်း သိရပါသည်။ ယခုနှစ် အစပိုင်းမှစ၍ ဥရောပမြောက်ပိုင်းဈေးကွက်များတွင်လည်း တင်ပို့မှုအားကောင်းလာခဲ့ပြီး ဖင်လန်နိုင်ငံသို့ တင်ပို့မှုမှာ ၃၆၇ ရာခိုင်နှုန်းနှင့် ဆွီဒင်နိုင်ငံသို့ ၁၇၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ TPSO ညွှန်ကြားရေးမှူးချုပ် Nantapong Chiralerspong က အနောက်ဥရောပတွင် မေလအတွင်း ပုံမှန်ထက်စောစီးစွာနှင့် ပိုမိုပြင်းထန်သည့် အပူလှိုင်းဖြစ်ပေါ်ခဲ့ခြင်းကြောင့် လေအေးပေးစက်တင်ပို့မှု သိသိသာသာမြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အပူဖိအား မြင့်လေထု (Heat Dome) ဖြစ်ပေါ်ခဲ့သဖြင့် ဒေသအများအပြားတွင် နေ့စဉ်ပျမ်းမျှအပူချိန်သည် ပုံမှန်ထက် ၁၀ ဒီဂရီဆဲလ်စီးယပ်ကျော် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အပူချိန်မြင့်မားမှုနှင့် နွေရာသီကာလ ပိုမိုပူပြင်းမည်ဟုခန့်မှန်းထားမှုတို့ကြောင့် ဥရောပမှတင်သွင်းသူများနှင့် လက်လီရောင်းချသူများသည် ဇွန်လမှ ဩဂုတ်လအထိရှိမည့် ဝယ်လိုအားမြင့်မားသည့်ကာလအတွက် ကြိုတင်အမှာစာများ တင်သွင်းခဲ့ကြကြောင်း သိရပါသည်။ ဥရောပရှိ အိမ်ထောင်စုများအနက် လေအေးပေးစက်အသုံးပြုမှုနှုန်းမှာ ၂၀ ရာခိုင်နှုန်းခန့်သာရှိပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ပျမ်းမျှ ၃၇ ရာခိုင်နှုန်းထက် နည်းပါးနေသည့်အတွက် ယခုတင်ပို့မှုတိုးတက်ခြင်းသည် ဝယ်လိုအားဖွဲ့စည်းပုံ ပြောင်းလဲလာခြင်းကို ထင်ဟပ်နေကြောင်း Nantapong Chiralerspong က ပြောကြားခဲ့ပါသည်။ TPSO က ဥရောပဒေသတွင် ယခုနှစ်တတိယသုံးလပတ်အတွင်း လေအေးပေးစက်ဝယ်လိုအား ဆက်လက်အားကောင်းနေမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ၏ ခန့်မှန်းချက်အရ ဇူလိုင်လမှ စက်တင်ဘာလအထိ ဥရောပတစ်ဝန်း၊ အထူးသဖြင့် တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် El Niño ဖြစ်စဉ်၏ သက်ရောက်မှုကြောင့် ပုံမှန်ထက် အပူချိန်ပိုမိုမြင့်မားနေမည်ဖြစ်ကြောင်း သိရပါသည်။ ဝယ်လိုအား ဆက်လက်မြင့်မားနေမှုကြောင့် လက်လီရောင်းချသူများ၏ သိုလှောင်လက်ကျန်များလျော့နည်းလာခဲ့ပြီး ကုန်ပစ္စည်းများ ထပ်မံဖြည့်တင်းရမည့်လိုအပ်ချက် ဆက်လက်ရှိနေမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ Nantapong Chiralerspong က ဥရောပဈေးကွက်သည် ထိုင်းလေအေးပေးစက်တင်ပို့မှုအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်သည့် အလားအလာကောင်းများရှိကြောင်း ပြောကြားခဲ့ပါသည်။ ဥရောပသည် ကမ္ဘာပေါ်တွင် အပူချိန်မြင့်တက်နှုန်းအလျင်မြန်ဆုံးတိုက်ဖြစ်ပြီး ၁၉၉၀ ပြည့်လွန် နှစ်များအလယ်ပိုင်းမှစ၍ ဆယ်စုနှစ်တစ်ခုလျှင် ၀.၅၃ ဒီဂရီဆဲလ်စီးယပ်နှုန်းဖြင့် အပူချိန်မြင့်တက်လာသဖြင့် လေအေးပေးစက်လိုအပ်ချက် ဆက်လက်တိုးလာဖွယ်ရှိကြောင်း သိရပါသည်။ ဥရောပသမဂ္ဂ၏ Heat Pump အသုံးပြုမှု မြှင့်တင်ရေးမူဝါဒများကြောင့်လည်း လေအေးပေးစက်များသည် မရှိမဖြစ်အိမ်သုံးပစ္စည်းတစ်မျိုးဖြစ်လာကာ ဈေးကွက်ကြီးထွားမှုကို ရေရှည်အထောက်အကူ ပြုမည်ဖြစ်ကြောင်း TPSO က ပြောကြားခဲ့ပါသည်။ ထို့ပြင် ဥရောပဈေးကွက် ကြီးထွားလာမှုသည် တင်းကျပ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒများနှင့် နီးကပ်စွာဆက်နွှယ်နေသည့်အတွက် ထုတ်လုပ်သူများအနေဖြင့် အထူးသဖြင့် အအေးပေးဓာတ်ငွေ့ (Refrigerants) အသုံးပြုမှုကို ဥရောပက တဖြည်းဖြည်းကန့်သတ်လာမည့် စည်းမျဉ်းများကို အနီးကပ်စောင့်ကြည့်သင့်ကြောင်း TPSO က တိုက်တွန်းထားပါသည်။ ယှဉ်ပြိုင်နိုင်စွမ်းရှိရန်ဆိုပါက ပြည်ပတင်ပို့သူများအနေနှင့် ထုတ်ကုန်အရည်အသွေး၊ စွမ်းအင်ချွေတာနိုင်မှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေသည့် စွမ်းဆောင်ရည်များကို အဓိကထား ဆောင်ရွက်သင့်သည်ဟု Nantapong Chiralerspong က ပြောကြားကြောင်း သိရှိရပါသည်။
Bangkok Post
DOCA (ရန်ကုန်)
