
အင်ဒိုနီးရှားနိုင်ငံ၏ အလှကုန်လုပ်ငန်းသည် Cosmobeauté Philippines 2026 ပြပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ပြသခဲ့ရာ အင်ဒိုနီးရှားရူပီး ၂၆.၃၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄ သန်း ခန့်) တန်ဖိုးရှိသော ကုန်သွယ်မှုအလားအလာရရှိခဲ့ကြောင်း မနီလာမြို့ရှိအင်ဒိုနီးရှား ကုန်သွယ်ရေးရုံးက ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အင်ဒိုနီးရှားကုန်သွယ်ရေးသံမှူး Rahayu Ningsih က ယခုရရှိခဲ့သည့် ကုန်သွယ်မှုအလားအလာသည် ဖိလစ်ပိုင်ဈေးကွက်၌ အင်ဒိုနီးရှားအလှကုန် များအပေါ် စိတ်ဝင်စားမှုမြင့်တက်နေကြောင်း ပြသနေသည်ဟု ပြောကြားခဲ့ပါသည်။ ၎င်းက အရည်အသွေးမြင့် အင်ဒိုနီးရှားအလှကုန်များသည် ဖိလစ်ပိုင်ဈေးကွက်တွင် စားသုံးသူများ၏ လက်ခံအားပေးမှုကိုရရှိကာ ယှဉ်ပြိုင်နိုင်စွမ်း ဆက်လက်ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားပြခန်းတွင် မိတ်ကပ်ပစ္စည်းများ၊ မျက်နှာအသားအရေထိန်းသိမ်းရေး ဆီရမ်များ၊ ခန္ဓာကိုယ်လိမ်းလိုးရှင်းများ၊ ဆံကေသာထိန်းသိမ်း ရေးပစ္စည်းများ၊ ကလေးအသုံး အဆောင်အလှကုန်များ၊ ရေမွှေးများနှင့် မရှိမဖြစ်လိုအပ်သော သဘာဝအဆီများကို ထုတ်လုပ်သည့် ကုမ္ပဏီရှစ်ခုက ပါဝင်ပြသခဲ့ကြောင်း သိရပါသည်။ အဆိုပါ ကုမ္ပဏီများကို ၂၀၂၆ ခုနှစ် မတ်လနှင့် ဧပြီလအတွင်း မနီလာရှိ အင်ဒိုနီးရှားကုန်သွယ်ရေး သံမှူးရုံးနှင့် ကုန်သွယ်ရေးဝန်ကြီး ဌာန၏ စက်မှုထုတ်ကုန်တင်ပို့မှုညွှန်ကြားရေးရုံး တို့ကဖွင့်လှစ်ခေါ်ယူ၍ စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ပြပွဲအတွင်း အင်ဒိုနီးရှား ကုမ္ပဏီတစ်ခုစီသို့ ဖိလစ်ပိုင်၊ တူရကီ၊ ထိုင်း၊ ထိုင်ဝမ်၊ တောင်ကိုရီးယား စသည့်နိုင်ငံများမှ ကုမ္ပဏီအနည်းဆုံး ၂၀ ခန့် လာရောက်ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ပြပွဲကိုအသုံးချ၍ ကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်ကုန်များကို မိတ်ဆက်ကြော်ငြာခြင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများရှာဖွေခြင်းနှင့် ဖိလစ်ပိုင်ဈေးကွက်အတွင်း တင်သွင်းဖြန့်ချိရေးဆိုင်ရာ အခွင့်အလမ်းများကိုဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ပြခန်းဝင်ရောက်ပြသသည့်ကုမ္ပဏီ အချို့သည် အလားအလာရှိသော စီးပွားရေးမိတ်ဖက်များထံမှ စာချုပ်အရထုတ်လုပ်ပေးခြင်း (Contract Manufacturing) နှင့် မူရင်းပစ္စည်းအမှတ် တံဆိပ်ဖြင့်ထုတ်လုပ်ပေးခြင်း (OEM) ဝန်ဆောင်မှုများအတွက် ကမ်းလှမ်းချက်များလည်း ရရှိခဲ့ ကြောင်း သိရပါသည်။ အင်ဒိုနီးရှားအလှကုန်များသည် အရည်အသွေးကောင်းမွန်မှုကြောင့် လာရောက်ကြည့်ရှုသူများ၏ စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး ဈေးကွက်လက်ခံမှုပိုမိုတိုးချဲ့နိုင်မည့် အလားအလာရှိကြောင်းလည်း Ningsih ကပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် အင်ဒိုနီးရှား၏ အရေးပါသောကုန်သွယ် ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှား၏ပို့ကုန်ဈေးကွက် အဆင့် ၈ နှင့် သွင်းကုန်ရင်းမြစ်နိုင်ငံအဆင့် ၂၁ တွင် ရပ်တည်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂.၀၂ ဘီလီယံရှိခဲ့ပြီး အင်ဒိုနီးရှားက အမေရိကန်ဒေါ်လာ ၁၀.၂၂ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး ဖိလစ်ပိုင်ထံမှ အမေရိကန် ဒေါ်လာ ၁.၈၀ ဘီလီယံတန်ဖိုးပြန်လည်တင်သွင်းခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှား၏ အဓိကပို့ကုန်များတွင် မော်တော်ယာဉ်နှင့် အစိတ်အပိုင်းများ၊ တွင်းထွက်လောင်စာများ၊ တိရစ္ဆာန်နှင့် အပင်အခြေပြုဆီနှင့်အဆီများ ပါဝင်ကြောင်းသိရပါသည်။ Trade Map အချက်အလက်များ အရ အလှကုန်အမျိုးအစား HS 3304 အောက်ရှိ ဖိလစ်ပိုင်၏ အလှကုန်တင်သွင်းမှုဈေးကွက်တွင် အင်ဒိုနီးရှားက ၄.၄၇ ရာခိုင်နှုန်း ဈေးကွက်ဝေစု ရရှိထားကြောင်း သိရပါသည်။ ဖိလစ်ပိုင် စားသုံးသူများအကြား အသားအရေထိန်းသိမ်းမှုသည် ကျန်းမာရေးနှင့် အလှအပအတွက် အရေးပါ ကြောင်း အသိအမြင်မြင့်တက်လာခြင်းကြောင့် အလှကုန်နှင့် အသားအရေထိန်းသိမ်းရေး ထုတ်ကုန်များအပေါ် ဝယ်လိုအားဆက်လက်မြင့်တက်နေကြောင်း Ningsih က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
