Main menu

အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုပမာဏ ၅ ရာခိုင်နှုန်းထိ မြင့်တက်လာခြင်း

Powered by Drupal

   အမေရိကန်-အစ္စရေးနှင့် အီရန်စစ်ပွဲကြောင့် ပင်လယ်ကွေ့ဒေသ အဓိကဈေးကွက်နှင့် ကုန်သွယ်မှုများ ကမောက်ကမဖြစ်ပေါ်ပြီး အိန္ဒိယ၏ ဘာစမာတီ (Basmati) ဆန်တင်ပို့မှု ကျဆင်း သွားခဲ့သော်လည်း ဘာစမာတီမဟုတ်သော (Non-Basmati) ဆန်တင်ပို့မှု ပိုမိုမြင့်တက်လာခြင်း ဖြင့် အစားထိုးနိုင်ခဲ့သည်။ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုပမာဏ သည် ယခင်နှစ် အလားတူကာလထက် ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အစိုးရအရာရှိများက ပြောကြားခဲ့သည်။

    ကမ္ဘာ့ဆန်တင်ပို့မှု စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကျော်ကို တာဝန်ယူထားသည့် အိန္ဒိယနိုင်ငံ သည် ပုံမှန်အားဖြင့် ဒုတိယ၊ တတိယနှင့် စတုတ္ထ အကြီးဆုံး ဆန်တင်ပို့သည့် ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန် သုံးနိုင်ငံ၏ စုစုပေါင်းတင်ပို့မှုထက်ပင် ပိုမိုများပြားစွာ တင်ပို့လေ့ရှိသည်။

    အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ထုတ်လုပ်မှုကို ထိခိုက်နိုင်ဖွယ်ရှိသော်လည်း ယခု ကဲ့သို့ အိန္ဒိယ၏ ဆန်တင်ပို့မှု ပိုမိုများပြားလာခြင်းသည် ကမ္ဘာ့ဆန်ဈေးနှုန်း အဆမတန် မြင့်တက် ခြင်း မရှိစေရန် ထိန်းထားပေးနိုင်ဖွယ်ရှိပြီး အာဖရိကနှင့် အာရှရှိ ဈေးနှုန်းအပြောင်းအလဲသည် ဝယ်ယူသူများအတွက် သက်သာသောဈေးနှုန်းဖြင့် ရရှိနိုင်ရန် အာမခံချက်ပေးလျက်ရှိသည်။

    ဇန်နဝါရီလမှ ဇွန်လအထိ အိန္ဒိယ၏ ဆန်တင်ပို့မှုသည် ယခင်နှစ် အလားတူကာလက တန်ချိန် ၁၁.၆၈ သန်း ရှိခဲ့ရာမှ ယခုအခါ တန်ချိန် ၁၂.၂၇ သန်းအထိ မြင့်တက်လာခဲ့သည်။ အီရန်အပါအဝင် ဈေးကွက်များသို့ တင်ပို့မှု ကျဆင်းသွားခဲ့သဖြင့် ထိုကာလအတွင်း ဘာစမာတီ ဆန် တင်ပို့မှုသည် ၅.၅ ရာခိုင်နှုန်း ကျဆင်းကာ တန်ချိန် ၃.၃၆ သန်းသာ ရှိခဲ့သည်။ သို့သော် အာဖရိကနိုင်ငံများမှ ဝယ်လိုအား ပိုမိုမြင့်တက်လာမှုကြောင့် ဘာစမာတီမဟုတ်သော ဆန်တင်ပို့ မှုသည် ၉.၆ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပြီး တန်ချိန် ၈.၉ သန်း ရှိခဲ့သည်။

    အိန္ဒိယတွင် ရောင်းလိုအား မြင့်မားနေခြင်းသည် အိန္ဒိယဆန်၏ ဈေးနှုန်းကို အဓိက တင်ပို့ သူများဖြစ်ကြသည့် ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့ထက် အလွန်ပင် သက်သာသောဈေးနှုန်း ဖြင့် ရောင်းချနိုင်ခြင်းကြောင့်ဖြစ်ကြောင်း အိန္ဒိယအလယ်ပိုင်း Chhattisgarh ပြည်နယ် Raipur မြို့မှ ဆန်တင်ပို့သူ Mukesh Jain က ပြောကြားခဲ့သည်။

    အိန္ဒိယသည် ဘာစမာတီမဟုတ်သော ဆန်များကို ဘင်္ဂလားဒေ့ရှ်၊ ဘီနင်၊ အိုင်ဗိုရီကိုစ့်၊ ဂီနီ နှင့် ကင်မရွန်း ဈေးကွက်များသို့ အဓိက တင်ပို့ပြီး အရည်အသွေးမြင့် ဘာစမာတီ ဆန်များကိုမူ ဆော်ဒီအာရေးဗီးယား၊ အီရတ်၊ အီရန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ရှိ ဝယ်ယူသူများထံ အဓိက တင်ပို့ခြင်းဖြစ်သည်။

    အိန္ဒိယနိုင်ငံသည် ပြောင်းကို စံချိန်တင် ထုတ်လုပ်နိုင်ခဲ့မှုကြောင့် ပြည်တွင်းဈေးနှုန်းများ ကျဆင်းသွားပြီး ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားနိုင်ငံတို့ထံမှ ဝယ်လိုအား မြင့်တက် လာခဲ့ပြီး ၂၀၂၆ ခုနှစ် ပထမနှစ်ဝက် အတွင်း အိန္ဒိယ၏ ပြောင်းတင်ပို့မှုသည် ယခင်နှစ် အလားတူ ကာလထက် ၄၀၀ ရာခိုင်နှုန်းအထိ အဆမတန် မြင့်တက်ခဲ့ပြီး တန်ချိန် ၁.၄၂ သန်း ရှိခဲ့သည်။

    အိန္ဒိယဘက်မှ ဂျုံတင်ပို့မှု ကန့်သတ်ချက်များကို ဖယ်ရှားပေးခဲ့ပြီးနောက် နီပေါနိုင်ငံမှ စတင် ဝယ်ယူခဲ့ခြင်းကြောင့် ပထမနှစ်ဝက်အတွင်း ဂျုံတင်ပို့မှုသည် ယခင်နှစ်တွင် တန်ချိန် ၁,၄၆၃ တန်သာ ရှိခဲ့ရာမှ ယခုအချိန်၌ တန်ချိန် ၁၆၁,၁၈၇ တန်အထိ မြင့်တက်လာခဲ့သည်။

Source: The Economic Times, Jul 28, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)