
ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့သည် နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ပိုမိုကောင်းမွန်စေရန်နှင့် နိုင်ငံများအကြား ဆက်သွယ်မှုပိုမိုခိုင်မာစေရန် ကတိကဝတ်များကို ပြန်လည်အတည်ပြုခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲများကို ၁၇-၈-၂၀၂၆ ရက်နေ့မှ ၂၀-၈-၂၀၂၆ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိပ်(Siem Reap)မြို့တွင် ကျင်းပခဲ့ပြီး (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား-ဗီယက်နမ် နှစ်နိုင်ငံ အစည်းအဝေး၊ (၇) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို နှစ်နိုင်ငံ အစည်းအဝေးနှင့် (၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-ဗီယက်နမ် သုံးနိုင်ငံ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး အစည်းအဝေးတို့ ပါဝင်ခဲ့သည်။ ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့ကို ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန (MPWT) ဒုတိယအမြဲတမ်းအတွင်းဝန် Pen Borean က ဦးဆောင်ခဲ့ပြီး ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Phan Thi Thu Hien က ဦးဆောင်ခဲ့သည်။ လာအိုကိုယ်စားလှယ်အဖွဲ့ကို ပြည်သူ့လုပ်ငန်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန သယ်ယူပို့ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Chanthala Phimmachack က ဦးဆောင်ခဲ့သည်။ အစည်းအဝေးများသို့ သုံးနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၊ အာဏာပိုင်များ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ကျွမ်းကျင်သူများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ် စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးများတွင် ယခင်အစည်းအဝေးများမှ ရရှိခဲ့သည့် ရလဒ်များကို အကောင်အထည်ဖော်နေမှုများအား ပြန်လည်သုံးသပ်ခြင်း၊ နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် သဘောတူညီချက်များ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများအရ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖော်ထုတ်ဆွေးနွေးခဲ့ပြီး သုံးနိုင်ငံအကြား သယ်ယူပို့ဆောင်ရေး ပိုမိုထိရောက်စေရန် ဘုံဖြေရှင်းချက်များ ရှာဖွေခဲ့ကြသည်။ ယခုအစည်းအဝေးများသည် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့အကြား နယ်စပ်ဖြတ်ကျော် သွားလာမှုများ လွယ်ကူချောမွေ့စေရန်၊ အိမ်နီးချင်းနိုင်ငံများအကြား ဆက်သွယ်ရေးကွန်ရက်များ ပိုမိုခိုင်မာစေရန်နှင့် ဒေသတွင်း ပေါင်းစည်းမှုကို ပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်နေမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အထူးသဖြင့် ကမ္ဘောဒီးယား-လာအို နှစ်နိုင်ငံသယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်အသက်ဝင်လာစေသည့် အရေးပါသော ခြေလှမ်းတစ်ရပ်လည်းဖြစ်ကြောင်း သိရသည်။
Source: Khmer Times
DOCA(ရန်ကုန်)
