
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသတွင် ကန်စွန်းဥစိုက်ပျိုးထွက်ရှိမှုပုံမှန်ရှိပြီး ဒေသတွင်း ဈေးကွက်၌ အရောင်းအဝယ်သွက်လျက်ရှိသည်။ ကန်စွန်းဥသည်စိုက်ပျိုးရလွယ်ကူပြီး ရာသီဥတု ဒဏ်ခံနိုင်သည့်အပြင် ရိတ်သိမ်းချိန်တွင် အသီးအထွက်နှုန်းကောင်းမွန်သည့် သီးနှံတစ်မျိုး ဖြစ်သည်။ မြိတ်ခရိုင်အတွင်းရှိ ကျေးရွာများတွင် ကန်စွန်းဥကိုစီးပွားဖြစ် စိုက်ပျိုးကြသည့်အပြင် မြို့ပေါ်နှင့် အနီးဝန်းကျင်ဒေသများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ကန်စွန်းဥကို ပြုတ်ရောင်းခြင်း၊ မုန့်ချိုပြုလုပ်ခြင်း၊ ပျားနှင့်ပေါင်း၍ အချိုပွဲပြုလုပ်ခြင်းများအပြင် ဝက်သား၊ ကြက်သားတို့နှင့်ရောစပ်၍ ဟင်းချက်စားကြသည်။ ထို့အပြင် ကန်စွန်းဥကို အခြေခံကုန်ကြမ်းအဖြစ် အသုံးပြု၍ ကန်စွန်းဥကြော်ကဲ့သို့ တန်ဖိုးမြှင့်ထုတ်ကုန်များပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။
မြိတ်မြို့နယ်မှထွက်ရှိသည့် ကန်စွန်းဥများကို ဒေသတွင်း ဆိပ်ငယ်ဈေးကြီးအပါအဝင် ရပ်ကွက်အသီးသီးရှိ ဈေးများသို့ အဓိကတင်ပို့ရောင်းချလျက်ရှိသည်။ ကန်စွန်းဥကို အရွယ်အစားနှင့် အလေးချိန်ပေါ်မူတည်၍ ရောင်းချကြရာ ကန်စွန်းဥလက်ကားဈေး တစ်ပိဿာလျှင် (၅,၀၀၀)ကျပ် ဝန်းကျင်နှင့် လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၇,၀၀၀) ကျပ်အထိ ရောင်းချလျက်ရှိသည်။ ကန်စွန်းဥသည် ဒေသခံများအတွက် နေ့စဉ်အဆာပြေအချိုပွဲအဖြစ် ချက်ပြုတ်စားသုံးမှုများပြားသည့်အပြင် ကျန်းမာရေးအတွက်လည်း သင့်တော်သည့် သီးနှံတစ်မျိုးဖြစ်သောကြောင့် ဝယ်လိုအားအမြဲရှိနေသည့် သီးနှံဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
