
ကမ္ဘောဒီးယားနိုင်ငံ၏ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းသည် ခေတ်မီတင်ပို့ရေးစနစ်အဖြစ် ပြောင်းလဲလျက်ရှိပြီး ကုန်သွယ်မှုအရှိန်အဟုန်သည် ထိုင်းနယ်စပ်အနီးတွင် တည်ရှိသော ကမ္ဘော ဒီးယားနိုင်ငံ၊ Oddar Meanchey ပြည်နယ်ရှိ ကျေးလက်ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းမှု ကို တိုက်ရိုက်အကျိုးပြုလျက်ရှိသည်။
Anlong Veng ခရိုင်ရှိ Longfruiter Anlong Veng Oddar Meanchey Agriculture Park ကုမ္ပဏီလီမိတက်မှ စီမံခန့်ခွဲသည့် ဟက်တာ ၅၃၀ ကျယ်ဝန်းသော စိုက်ခင်းတွင် ဒေသခံ ၈၀၀ ကျော် သည် Cavendish ငှက်ပျောသီးများ ဆေးကြောခြင်း၊ ထုပ်ပိုးခြင်းနှင့် စိုက်ပျိုးခြင်းလုပ်ငန်းများတွင် တစ်နှစ်ပတ်လုံး တည်ငြိမ်သော အလုပ်အကိုင်များ ရရှိကြကြောင်း၊ အလုပ်သမားများအတွက် ပုံမှန်လုပ်ခလစာသည် ငွေကြေးလုံခြုံမှု၊ မြေယာပိုင်ဆိုင်မှုနှင့် မိသားစုထောက်ပံ့မှု စိတ်ချရမှုတို့ကို အထောက်အကူပြုလျက်ရှိကြောင်း သိရှိရသည်။
ထုတ်လုပ်မှုအချက်အလက်များသည် အဆိုပါကဏ္ဍ၏ လျင်မြန်သော တိုးချဲ့မှုကို ထင်ဟပ် စေကြောင်း၊ အဆိုပါစက်ရုံမှ တရုတ်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့မှုကို ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၂၄,၀၀၀ မှ ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၃၄,၀၀၀ ကျော်သို့ မြှင့်တင်နိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ် ပထမနှစ်ဝက် အတွင်း ခန့်မှန်းခြေတန်ချိန် ၂၂,၀၀၀ ခန့် တင်ပို့နိုင်ခြင်းဖြင့် တင်ပို့မှုအရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားသည်။
တရုတ်နိုင်ငံက ၂၀၁၉ ခုနှစ်တွင် တိုက်ရိုက်တင်သွင်းခွင့်ပြုပြီးနောက် ဈေးကွက်သည် သိသိ သာသာချဲ့ထွင်လာခဲ့ကြောင်း၊ ကမ္ဘောဒီးယားနည်းပညာနှင့်သိပ္ပံတက္ကသိုလ်မှ တရုတ်-အာဆီယံ လေ့လာရေးစင်တာ၏ ဒုတိယညွှန်ကြားရေးမှူး Thong Mengdavid၏ အဆိုအရ တရုတ်နိုင်ငံသည် ယခုအခါ ကမ္ဘောဒီးယား၏ လတ်ဆတ်သော ငှက်ပျောသီးတင်ပို့မှု၏ ၉၅ ရာခိုင်နှုန်းခန့်ကို တင်သွင်း လျက်ရှိသည်။
အဆိုပါတင်ပို့မှုလမ်းကြောင်းသည် စိုက်ပျိုးရေးကုန်သွယ်မှုထက် ကျော်လွန်ကာ နည်းပညာ လွှဲပြောင်းမှုများကို အားပေးမြှင့်တင်ခြင်း၊ ဒေသခံအခြေခံအဆောက်အအုံများ မြှင့်တင်ခြင်းနှင့် ကျေးလက်စီးပွားရေးများကို အခြေခံအုတ်မြစ်ချပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးကြောင်း၊ ငှက်ပျောသီးသည် သရက်သီး၊ Pailin ပြည်နယ်ထွက် လောင်ဂန်သီး၊ အုန်းသီးနှင့် ဒူးရင်းသီးတို့နှင့် အတူ တရုတ်ဈေးကွက်သို့ တိုက်ရိုက်၀င်ရောက်ခွင့်ရသည့် ကမ္ဘောဒီးယား၏ အဓိကသစ်သီးဝလံ အသစ်များထဲတွင် ပါဝင်လာကြောင်း သိရှိရသည်။
Source: Khmer Times, Sept 1, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
