Main menu

သမိုင်းတစ်လျှောက် အများဆုံးအဖြစ် ဆန်တန်ချိန် ၅ သန်းအထိ တင်သွင်းရန် ဖိလစ်ပိုင် ပြင်ဆင်

Powered by Drupal

    ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်အတွင်း အယ်လ်နီညို (El Nino) ရာသီဥတုဖြစ်စဉ်ကြောင့် ပြည်တွင်းဆန်ထုတ်လုပ်မှု လျော့ကျနိုင်ခြေအပေါ် အစားထိုးဖြည့်ဆည်းနိုင်ရန်အတွက် သမိုင်း တစ်လျှောက် အများဆုံးပမာဏဖြစ်သည့် ဆန်တန်ချိန် ၅ သန်းအထိ တင်သွင်းရန် ပြင်ဆင်လျက် ရှိကြောင်း စိုက်ပျိုးရေးဌာန (DA) က အတည်ပြုပြောကြားခဲ့ပါသည်။

    စက်တင်ဘာလ ၁ ရက်၊ အင်္ဂါနေ့တွင် ပြုလုပ်သည့် ဝန်ကြီးဌာန ဘဏ္ဍာရန်ပုံငွေလျာထားမှု ရှင်းလင်းပွဲ၌ အယ်လ်နီညို ရာသီဥတုနှင့် ရင်ဆိုင်နေရခြင်းဖြစ်သောကြောင့် ယခုနှစ်အတွင်း ဆန် တန်ချိန် ၅ သန်းအထိ ပြည်ပမှ တင်သွင်းရန် လိုအပ်မည်ဖြစ်သည်ဟု စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel က ပြောကြားခဲ့ပါသည်။

    ယခုနှစ် တင်သွင်းရန် လျာထားသည့် ပမာဏသည် ၂၀၂၄ ခုနှစ်က စံချိန်တင် တင်သွင်းခဲ့သည့် တန်ချိန် ၄ ဒသမ ၈၁ သန်းထက် ၄ ရာခိုင်နှုန်းနီးပါး ပိုမိုမြင့်မားလာခြင်းဖြစ်ပါသည်။ စိုက်ပျိုးရေး ဆိုင်ရာဗျူရို (BPI) ၏ ကိန်းဂဏန်းများအရ သြဂုတ်လ ၁၃ ရက်နေ့အထိ စုစုပေါင်း ဆန်တင်သွင်း မှုသည် တန်ချိန် ၃ ဒသမ ၄၆ သန်း ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် တင်သွင်းခဲ့သည့် တန်ချိန် ၃ ဒသမ ၃၉ သန်းထက် ပိုမိုများပြားခဲ့ကြောင်း သိရှိရပါသည်။

    ယခုနှစ်၌ ပြည်တွင်းဆန်ထုတ်လုပ်မှု လျော့ကျမှုပမာဏမှာ တန်ချိန် ၉၀၀,၀၀၀ အထိ ရှိလာ နိုင်သောကြောင့် အပိုဆောင်းတင်သွင်းသည့် ဆန်များမှာ တိုင်းပြည်အတွက် အရန်ဆန်အဖြစ် အထောက်အကူဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။ ထိုသို့လျော့ကျလာခြင်း သည် ယခုနှစ် စတုတ္ထသုံးလပတ်၌ ဖြစ်ပွားနိုင်သော ပြင်းထန်သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် စပါးစိုက်ဧရိယာ အမြောက်အမြား ပျက်စီးနိုင်သည့် "အဆိုးရွားဆုံး အခြေအနေ" ကိုဖော်ပြနေပါ သည်။

    ယခုနှစ်တွင် ၎င်းတို့၏ လုပ်ဆောင်မှုအားလုံးသည် ကြိုတင်ကာကွယ်ခြင်းဖြစ်ပြီး ရိက္ခာ နည်းပါးမှု မဖြစ်ပေါ်စေရေးအပေါ် လုံလောက်သော ကုန်စည်ပမာဏကို စိတ်ချမှုရရှိစေရန် ပြင် ဆင်ထားခြင်းဖြစ်ကြောင်း၊ ထို့အပြင် ယခုနှစ်အတွင်း ဆန်ပိုမိုတင်သွင်းထားခြင်းသည် လာမည့်နှစ် ပထမသုံးလပတ်၌ ကြုံတွေ့ရနိုင်သော ရိတ်သိမ်းမှု လျော့နည်းနိုင်မည့် အခြေအနေအတွက် သက်သာမှုရစေမည်ဖြစ်ကြောင်း၊ သို့ပါ၍ ၂၀၂၇ ခုနှစ်တွင် ဆန်တင်သွင်းမည့် ပမာဏမှာ ပုံမှန် တင်သွင်းလေ့ရှိသော တန်ချိန် ၃ ဒသမ ၈ သန်းမှ ၄ သန်းအကြား ပမာဏသို့ ပြန်လည် ကျဆင်း သွားနိုင်ကြောင်း Mr. Tiu Laurel က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

    ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပြည်တွင်း စားနပ်ရိက္ခာ လိုအပ်ချက်အတွက် ပြည်ပမှတင်သွင်းမှု အပေါ် မှီခိုနေရသော်လည်း အစိုးရ၏ ပင်မရည်မှန်းချက်မှာ ပြည်တွင်း ဆန်ထုတ်လုပ်မှုကို မြှင့်တင် ရန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် စိုက်ပျိုးရေးစက်ကိရိယာများ တပ်ဆင်အသုံးပြုရေး၊ ဆည် မြောင်းစနစ် တိုးချဲ့ရေးနှင့် အထွက်နှုန်းကောင်းသည့် မျိုးစေ့သစ်များ ဖော်ထုတ်ရေးတို့၌ ဦးစားပေး လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက လွှတ်တော်အမတ်များအား ရှင်းလင်းပြောကြားခဲ့သည်။

    ထို့အပြင် ပြည်ပမှ ဆန်မတင်သွင်းမီ ကုန်သည်များအနေဖြင့် ပြည်တွင်း၌ ဆန်စက်များနှင့် ပြုပြင်ထုတ်လုပ်သည့်စက်ရုံများတွင် ဦးစွာရင်းနှီးမြှုပ်နှံရမည့်စီမံချက်ကို အကောင်အထည်ဖော် ရန် စိုက်ပျိုးရေးဌာနက ပြင်ဆင်လျက်ရှိသည်။ လက်ရှိကာလ၌ ပြည်တွင်းဆန်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ဘဲ ဆန်တင်သွင်းမှု သီးသန့်လုပ်ဆောင်နေသည့် ကုန်သည် ပမာဏ ၈၀ ရာခိုင်နှုန်းခန့်ထိရှိနေသည်။ အဆိုပါအစီအမံသည် ဆန်စပါးကဏ္ဍတွင် ကိုယ်တိုင်ရပ်တည်နိုင်စွမ်း ရှိစေ၍ နိုင်ငံတကာဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာစေသော အကောင်အထည်ဖော်ဆောင် ရမည့် စီမံချက်တစ်ခုဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

    ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်းဆန်တင်သွင်းမှုအနက် ၇၃ ရာခိုင်နှုန်းဖြစ်သော ဆန်တန်ချိန် ၂ ဒဿမ ၅၆ သန်းကို ဗီယက်နမ်နိုင်ငံက တင်ပို့ခဲ့ခြင်းပြီး ဖိလစ်ပိုင်သို့ ဆန်ပေးသွင်းသည့် ထိပ်တန်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။ အဆိုပါ ကာလအတွင်း အခြားထိပ်တန်း ဆန်တင်ပို့သူများဖြစ်သော ထိုင်းနိုင်ငံမှ တန်ချိန် ၃၇၈,၄၀၄၊ မြန်မာနိုင်ငံမှ တန်ချိန် ၂၈၆,၀၅၂၊ ပါကစ္စတန်နိုင်ငံမှ တန်ချိန် ၁၀၇,၄၈၅ နှင့် ကမ္ဘောဒီးယားနိုင်ငံမှ တန်ချိန် ၈၇,၈၀၂ အသီးသီးတင်သွင်းခဲ့ပါသည်။

    ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန၏ လာမည့်နှစ် လျာထားဘတ်ဂျက်မှာ ပီဆိုငွေ ၁၉၈ ဒသမ ၄၅ ဘီလီယံဖြစ်ပြီး ယခုနှစ်ဘတ်ဂျက်ခွဲဝေမှု ပီဆိုငွေ ၂၁၅ ဒသမ ၆၉ ဘီလီယံထက် ၈ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ပါသည်။ အဆိုပါဘတ်ဂျက်ဖြင့် လယ်ယာနှင့် ရေထွက်ပစ္စည်းထုတ်လုပ်မှုမြှင့်တင် ရေး၊ အခြေခံအဆောက်အအုံ တိုးတက်ရေး၊ ရိတ်သိမ်းချိန်လွန် လေလွင့်မှုလျှော့ချရေးနှင့် နည်းပညာ သုံးစွဲမှု တိုးချဲ့ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Source: Manila Bulletin, Sept 1, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)