Main menu

အုန်းသီးခွံဈေးနှုန်းမြင့်တက်မှုကြောင့် အိန္ဒိယရှိ စွမ်းအားမြင့်လောင်စာထုတ်လုပ်တင်ပို့မှုအား      ခြိမ်းခြောက်လျက်ရှိ

Powered by Drupal

     အိန္ဒိယစွမ်းအားမြင့်လောင်စာထုတ်လုပ်သူများအသင်း (The Activated Carbon Manufacturers Association of India-ACMAOI) အနေဖြင့် အုန်းသီးခွံဈေးနှုန်းများ အဆမတန် မြင့်တက်လာမှု အပေါ် များစွာစိုးရိမ်လျက်ရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းကုန်ကျစရိတ်မြင့်တက်ခြင်းကြောင့် အိန္ဒိယ ရှိ ထုတ်လုပ်သူများအနေဖြင့် တရုတ်လုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းလျော့နည်းကျဆင်းလာ ကြောင်း သိရသည်။

   တရုတ်လုပ်ငန်းရှင်များသည် စွမ်းအားမြင့်လောင်စာ ထုတ်လုပ်ရန်အတွက် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အုန်းသီးအလုံးလိုက်ကိုဝယ်ယူပြီး အာဖရိကနှင့် ဥရောပဈေးကွက်များသို့ ဈေးနှုန်းချိုသာစွာဖြင့် တင်သွင်းလျက်ရှိကြောင်း ACMAOI ၏ နှစ်စဉ်ပြုလုပ်နေကျ အထွေထွေ အစည်းအဝေးတွင် တာဝန်ရှိသူက ပြောကြားထားပါသည်။

    သို့ရာတွင် အိန္ဒိယတောင်ပိုင်းပြည်နယ်များတွင် ဈေးကွက်ထိန်းကျောင်းမည့် ထိရောက် သည့် အစီအစဉ်မရှိခြင်းကြောင့် အုန်းသီးခွံဈေးနှုန်းများ သိသာစွာမြင့်တက်လျက်ရှိရာ အိန္ဒိယရှိ ထုတ်လုပ်သူများအတွက် အကျိုးဖြစ်ထွန်းမှုမရှိကြောင်း ACMAOI မှ တာဝန်ရှိသူ ကပြောကြား ထားပါသည်။

     အိန္ဒိယစွမ်းအားမြင့်လောင်စာထုတ်လုပ်သူများအသင်းအနေဖြင့် ဈေးကွက်တည်ငြိမ်မှုရှိစေ ရေးနှင့် ထိန်းကျောင်းမှုပိုမိုဆောင်ရွက်နိုင်စေရေး ရည်ရွယ်၍ စွမ်းအားမြင့်လောင်စာထုတ်လုပ်သူ များအား ရောင်းချမည့် အုန်းသီခွံဈေးနှုန်းများအတွက် ရည်ညွှန်းဈေးနှုန်းများ လစဉ် ထုတ်ပြန် ပေးရန် ဆုံးဖြတ်ထားကြောင်း၊ စက်တင်ဘာလအတွက်ရည်ညွှန်းဈေးမှာ အုန်းသီးခွံ တစ်ကီလို ဂရမ်လျှင် ၁၀၅ ရူပီး မှ ၁၀၇ ရူပီး အထိ သတ်မှတ်ထားသော်လည်း အောက်တိုဘာလအတွက် တစ်ကီလိုဂရမ်လျှင် ၉၈ ရူပီး မှ ၁၀၀ ရူပီးအထိ သတ်မှတ်ထားကြောင်းသိရသည်။

     ACMAOI အနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ အကောက်ခွန်စည်းကြပ်မှု အာဏာ ပိုင်များနှင့်တွေ့ဆုံ၍ ကုန်စည်နှင့် ဝန်ဆောင်မှုအကောက်ခွန်စည်းကြပ်မှုမူဘောင်တွင် အုန်းသီး ခွံနှင့် မီးသွေးတို့အား ထည့်သွင်းသွားရန် တောင်းဆိုထားကြောင်း၊ လက်ရှိတွင် အဆိုပါကုန်စည် (၂) ခုသည် ကုန်စည်နှင့် ဝန်ဆောင်မှုအကောက်ခွန်စည်းကြပ်မှုမူဘောင်ပြင်ပတွင် ရှိနေသည့်အတွက် ‌အခွန်ကင်း လွတ်ခွင့်ရရှိနေကြောင်းပြောကြားထားပါသည်။

    အိန္ဒိယ၏ စွမ်းအားမြင့်လောင်စာထုတ်လုပ်တင်ပို့မှုပမာဏသည် တန်ဖိုးအားဖြင့် ရူပီး ၄၇ ဘီလီယံရှိသော်လည်း စက်ရုံအလုပ်ရုံများအနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရသည်။

    စိန်ခေါ်မှုများမှာ အမေရိကန်ပြည်‌ထောင်စုမှထုတ်ပြန်ထားသည့် ပို့ကုန်ဆိုင်ရာ အကောက် ခွန်စည်းကြပ်မှုများ၊ ကုန်ကြမ်းပစ္စည်းကုန်ကျစရိတ်မြင့်တက်မှုနှင့် ဈေးကွက်အတွင်း တရုတ် လုပ်ငန်းရှင်များနှင့်ယှဉ်ပြိုင်မှုကြီးထွားလာမှု စသည်တို့ဖြစ်ကြောင်း၊ အိန္ဒိယလုပ်ငန်းရှင်များ ဈေးကွက်ထူထောင်ထားရာ ရုရှားနှင့် ဆူဒန်နိုင်ငံတို့အပေါ် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှု များရှိနေခြင်းသည်လည်း အခက်အခဲများကိုဖြစ်ပေါ်စေကြောင်းသိရသည်။

     လက်တလောဖြစ်ပေါ်နေသည့် အနောက်အာရှ ပဋိပက္ခကြောင့်လည်း ပင်လယ်ရေကြောင်းမှ ပို့ဆောင်လျက်ရှိသည့် ကုန်သင်္ဘောကုန်ကျရိတ်များမြင့်တက်လာရာ ကုန်သေတ္တာရှားပါးမှုလည်း ဖြစ်ပေါ်လျက်ရှိကြောင်း ACMAOI ကပြောကြားထားပါသည်။

     စက်ရုံအလုပ်ရုံများအနေဖြင့် ကမ္ဘာ့ဈေးကွက်ရှိ စွမ်းအားမြင့်လောင်စာထုတ်လုပ်မှုတွင် အိန္ဒိယ၏ ရပ်တည်မှုကို ကာကွယ်ရန်အတွက် ကုန်ကြမ်းဈေးနှုန်းမြင့်တက်မှုနှင့် အခြားထောက်ပံ့ မှုကွင်းဆက်ပြတ်တောက်မှုကို ဖြေရှင်းနိုင်မည့် အစီအမံများတောင်းဆိုလျက်ရှိကြောင်းသိရသည်။

Source: The Hindu BusinessLine, September 7, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)