
အင်ဒိုနီးရှားနိုင်ငံ South Kalimantan ပြည်နယ် ပင်လယ်ရေကြောင်းနှင့် ငါးလုပ်ငန်း ရုံးသည် ငါးမှသဘာဝအတိုင်းရရှိသည့် ပရိုတင်းတစ်မျိုးဖြစ်သော အယ်လ်ဗျူမင် (Albumin) ကို ငါးလုပ်ငန်းထွက်ကုန်များ၏ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဖွံ့ဖြိုးထုတ်လုပ်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရပါသည်။ South Kalimantan ပြည်နယ် ပင်လယ်ရေကြောင်းနှင့် ငါးလုပ်ငန်းရုံး အကြီးအကဲ Rusdi Hartono က အယ်လ်ဗျူမင်ဖွံ့ဖြိုးထုတ်လုပ်ခြင်းသည် ငါးလုပ်ငန်းထွက်ကုန် များကို စီးပွားရေးတန်ဖိုးပိုမိုမြင့်မားပြီး အသုံးချနိုင်သည့်နယ်ပယ်ပိုမိုကျယ်ပြန့်သည့် ထုတ်ကုန် များအဖြစ် ပြောင်းလဲထုတ်လုပ်ရန် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့တွင် Banjarbaru မြို့၌ ပြောကြားခဲ့ပါသည်။ အယ်လ်ဗျူမင်သည် ငါးလုပ်ငန်းထွက်ကုန်များကို တန်ဖိုး မြှင့်အသုံးချနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပြီး ပြည်သူများ၏ပရိုတင်းလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရုံသာမက ငါးလုပ်ငန်းကဏ္ဍအတွင်း စီးပွားရေးအခွင့်အလမ်းအသစ်များကိုလည်း ဖန်တီး ပေးနိုင်ကြောင်း Hartono က ပြောကြားခဲ့ပါသည်။ အယ်လ်ဗျူမင်ဖွံ့ဖြိုးထုတ်လုပ်ရေးလုပ်ငန်းကို ဦးဆောင်ဆောင်ရွက်ရန် ငါးလုပ်ငန်းထွက်ကုန် အရည်အသွေးစစ်ဆေးရေး နည်းပညာအကောင် အထည်ဖော်ရေးယူနစ် (UPT BPMHP) ကို သတ်မှတ်တာဝန်ပေးထားကြောင်း ၎င်းကပြောကြား ခဲ့ပါသည်။ ငါးလုပ်ငန်းကဏ္ဍသည် ထုတ်ကုန်ဆန်းသစ်တီထွင်မှုနှင့် ထုတ်ကုန်အမျိုးအစား စုံလင် စွာဖော်ဆောင်ခြင်းတို့မှတစ်ဆင့် ဆက်လက်ဖွံ့ဖြိုးတိုးတက်နိုင်မည့် အလားအလာများစွာ ရှိကြောင်း ၎င်းကရှင်းပြခဲ့ပါသည်။ ယင်းလုပ်ငန်းစဉ်တွင် ငါးကို စားသုံးရန်အတွက် ကုန်စည် တစ်ရပ်အဖြစ်ထုတ်လုပ်ခြင်းသာမက ပြည်သူများ၏လိုအပ်ချက်နှင့်ကိုက်ညီသည့် တန်ဖိုးမြှင့် ထုတ်ကုန်အမျိုးမျိုးအဖြစ် ပြုပြင်ထုတ်လုပ်ခြင်းလည်းပါဝင်ကြောင်း သိရပါသည်။ အယ်လ်ဗျူမင် သည် လူ့ခန္ဓာကိုယ်တွင် သဘာဝအတိုင်းတွေ့ရှိရသည့် ပရိုတင်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်အတွင်း အရည်ဓာတ်ဟန်ချက်ညီစေရန် အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်ကြောင်း သိရပါသည်။ အသုံးဝင်မှုအနေဖြင့် အယ်လ်ဗျူမင်သည် ကိုယ်ခံအားစနစ်ကို အထောက်အကူပြုခြင်း၊ အနာ ကျက်ခြင်းနှင့် တစ်ရှူးများပြန်လည်ဖြစ်ပေါ်ခြင်းကို ကူညီပေးခြင်းတို့အပြင် ခန္ဓာကိုယ်က လွယ်ကူ စွာစုပ်ယူနိုင်ခြင်းတို့ကြောင့် အသုံးဝင်ကြောင်း သိရပါသည်။ ငါးလုပ်ငန်းအခြေပြုထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရာတွင် အရည်အသွေးနှင့် ဘေးကင်းလုံခြုံမှုကို ဦးစားပေးရန်လိုအပ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ခြင်းဖြင့် ထုတ်ကုန်များသည် ပြည်သူများအတွက် အကောင်းဆုံးအကျိုးကျေးဇူး များ ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း Hartono က ဆိုပါသည်။ အယ်လ်ဗျူမင်ဖွံ့ဖြိုးထုတ်လုပ်ရေး သည် South Kalimantan ပြည်နယ်အုပ်ချုပ်ရေးမှူး H Muhidin ၏ ပင်လယ်ရေကြောင်းနှင့် ငါးလုပ်ငန်းကဏ္ဍခိုင်မာတိုးတက်စေရေးနှင့် ပြည်သူများအပေါ်အကျိုးသက်ရောက်မှု ပိုမိုကျယ်ပြန့် စေရေးညွှန်ကြားချက်နှင့်လည်းကိုက်ညီကြောင်း Hartono က ပြောကြားခဲ့ပါသည်။ ဆန်းသစ် တီထွင်မှုနှင့် ထုတ်ကုန်အမျိုးအစားစုံလင်စွာ ဖော်ဆောင်ခြင်းတို့မှတစ်ဆင့် ငါးလုပ်ငန်းသယံဇာတ များကို ပိုမိုထိရောက်စွာအသုံးချနိုင်ပြီး တန်ဖိုးကွင်းဆက်အသစ်များ ဖန်တီးနိုင်မည့်အပြင် ငါးလုပ်ငန်းကဏ္ဍရှိ သက်ဆိုင်သူများအတွက် စီးပွားရေးအခွင့်အလမ်းများလည်း ပေါ်ပေါက် လာမည်ဟု ရုံးကမျှော်လင့်ထားကြောင်း သိရပါသည်။ ထိုသို့ဆန်းသစ်တီထွင်မှုများသည် ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးတွင်သာ ရပ်တန့်မနေဘဲ နောက်ဆုံးတွင် စီးပွားရေးအကျိုး သက်ရောက်မှုကိုဖန်တီးပေးပြီး South Kalimantan ပြည်နယ်၏ ငါးလုပ်ငန်းကဏ္ဍကို ပိုမိုခိုင်မာ စေရန်မျှော်လင့်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ လက်ရှိတွင် အယ်လ်ဗျူမင် ဖွံ့ဖြိုးထုတ်လုပ် ရေးလုပ်ငန်းကို UPT BPMHP မှတစ်ဆင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး South Kalimantan ပြည်နယ်အတွင်း ငါးလုပ်ငန်းထွက်ကုန်များ အမျိုးအစားစုံလင်စေရေးနှင့် ဆန်းသစ်တီထွင်မှု မြှင့်တင်ရေးတို့ကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)
