Main menu

ကမ္ဘောဒီးယား၏ ဖိလစ်ပိုင်သို့ ဆန်တင်ပို့မှု တန်ချိန် ၂ သိန်းကျော် ရှိလာမည်

Powered by Drupal

                   ကမ္ဘောဒီးယားနိုင်ငံ၏ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့မှုသည် ၂၀၂၆ ခုနှစ်အတွင်း တန်ချိန် ၂ သိန်းကျော် ရှိလာမည်ဟု ခန့်မှန်းထားပြီး ယခုနှစ်တွင် နိုင်ငံ၏ စုစုပေါင်းဆန်တင်ပို့မှု တန်ချိန် ၁ သန်းကျော် ရရှိရန် ရည်မှန်းချက်အတွက် အထောက်အကူဖြစ်လာမည်ဖြစ်သည်။ ကမ္ဘောဒီးယား ဆန်အဖွဲ့ချုပ် (CRF) ၏ အစီရင်ခံစာအရ ယခုနှစ် ဇန်နဝါရီမှ ဩဂုတ်လအထိ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၁၂၂,၁၀၂ တန် တင်ပို့ထားပြီး အဆိုပါပမာဏသည် ထိုကာလအတွင်း ကမ္ဘောဒီးယား၏ စုစုပေါင်းဆန်တင်ပို့မှု တန်ချိန် ၇၉၂,၂၁၂ တန်၏ ၁၅.၄ ရာခိုင်နှုန်းကျော် ရှိသည်။ ထို့အပြင် စက်တင်ဘာမှ ဒီဇင်ဘာလအတွင်း ဖိလစ်ပိုင်သို့ တင်ပို့ရန် စာချုပ်ချုပ်ဆိုထားသည့် ဆန်ဝယ်ယူမှုများမှ တန်ချိန် ၈၇,၃၄၄ တန်ခန့် ထပ်မံတင်ပို့နိုင်မည်ဖြစ်သဖြင့် ယခုနှစ်အတွင်း ဖိလစ်ပိုင်ဈေးကွက်သို့ ဆန်တင်ပို့မှုပမာဏသည် စုစုပေါင်း တန်ချိန် ၂၀၉,၄၄၆ ခန့်အထိ ရောက်ရှိနိုင်ကြောင်း CRF က ခန့်မှန်းထားသည်။ ၁၄-၉-၂၀၂၆ ရက်နေ့က ကမ္ဘောဒီးယား ဆန်စက်နှင့် ဆန်တင်ပို့ရေးကုမ္ပဏီ City Rice Import Export Co Ltd သည် DILAI Trading Co Pte Ltd နှင့် ဖနွမ်းပင်မြို့တွင် ဆန်တန်ချိန် ၁၀,၀၀၀ ဝယ်ယူရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ဆန်များကို ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့သွားမည်ဖြစ်သည်။ အဆိုပါ သဘောတူညီချက်သည် ကမ္ဘောဒီးယားဆန်ကဏ္ဍအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်သကဲ့သို့ နှစ်နိုင်ငံကုန်သွယ်ရေးဆက်ဆံမှုကိုလည်း ပိုမိုခိုင်မာလာစေမည်ဟု CRF မှ ထုတ်ပြန် ထားသည်။ နိုင်ငံတကာဆန်ဝယ်လက်များအနေဖြင့် ကမ္ဘောဒီးယားဆန်၏ အရည်အသွေး၊ ဘေးကင်းလုံခြုံမှု၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းနှင့် လိုအပ်သည့်ပမာဏအတိုင်း ဖြည့်ဆည်းပေးနိုင်မှု တို့အပေါ် ယုံကြည်မှု ပိုမိုမြင့်တက်လာခြင်းကို ယခုသဘောတူညီချက်က ဖော်ပြနေကြောင်း CRF မှ ထုတ်ပြန်ထားသည်။ ထို့အပြင် ကမ္ဘောဒီးယားဆန်ကုမ္ပဏီများအနေဖြင့် ဆန်ကို စနစ်တကျကြိတ်ခွဲပြုပြင်ထုတ်လုပ်နိုင်ခြင်း၊ အရည်အသွေးစံနှုန်းများကို ထိန်းသိမ်းနိုင်ခြင်းနှင့် ပမာဏအများအပြားကို နိုင်ငံတကာဈေးကွက်များသို့ ထိရောက်စွာ တင်ပို့နိုင်ခြင်းတို့ကိုလည်း ပြသနိုင်ခဲ့ကြောင်း အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ 

DOCA (ရန်ကုန်)