Main menu

ပြင်ဦးလွင် ထောပတ်သီး အကြမ်းထည်ရောင်းချမှုမှ တန်ဖိုးမြှင့်ထုတ်ကုန်စီသို့ ကူးပြောင်းခြင်း

Powered by Drupal

          ပြင်ဦးလွင်မြို့နယ်သည်အေးမြသောရာသီဥတု၊ မြေမျက်နှာသွင်ပြင်နှင့် စိုက်ပျိုးရေးအတွက် သင့်လျော်သော သဘာဝပတ်ဝန်းကျင်များကြောင့် မြန်မာနိုင်ငံ၏ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်ရာ အရေးပါသောဒေသတစ်ခုဖြစ်လာခဲ့သည်။သမိုင်းမှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ထောပတ်သီးကို လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်ကတည်းက စိုက်ပျိုးခဲ့ပြီး ပြင်ဦးလွင်ဒေသသည် အစောပိုင်း စိုက်ပျိုးရာ ဒေသများအနက် တစ်ခုဖြစ်သည်။

           ယနေ့အချိန်တွင် ထောပတ်သီးသည် ပြည်တွင်းစားသုံးမှုသာမက ပြည်ပဈေးကွက်အတွက်ပါ အလားအလာရှိသော သီးနှံတစ်မျိုးဖြစ်လာသည်။ ပြင်ဦးလွင် ထောပတ်သီးဈေးကွက်တွင် အကြမ်းထည် အသီးရောင်းချခြင်းနှင့် တန်ဖိုးမြှင့်ကုန်ချောရောင်းချခြင်းဟူ၍ မျက်နှာစာနှစ်ခုဖြစ်ပေါ်နေသည်။ ရာသီ ပေါ်ချိန်တွင် Hass သို့မဟုတ် ဒေသမျိုး ထောပတ်သီး တစ်ကီလိုဂရမ်လျှင် ထောပတ်သီး အရည် အသွေးပေါ်မူတည်၍ ၃၅၀၀ ကျပ်မှ ၈၀၀၀ ကျပ် ဝန်းကျင်ရရှိပြီး အသီးလှိုင်ချိန်တွင် ဈေးနှုန်းကျဆင်းမှုနှင့် ကြုံတွေ့ရလေ့ရှိသည်။ ထို့အပြင်အသီးပုပ်သိုးပျက်စီးလွယ်သည့် အန္တရာယ်ကြောင့် တောင်သူများအနေဖြင့် ရရှိသည့်ဈေးနှုန်းဖြင့် အလျင်အမြန် ရောင်းချရလေ့ရှိသည်။

         မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း စိုက်ပျိုးထွက်ရှိသည့် ထောပတ်သီးများကို သာမန်အသီးအတိုင်း ရောင်းချသည့်စနစ်မှတစ်ဆင့်တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲ ထုတ်လုပ်သည့်လုပ်ငန်းများ တိုးတက်လာလျက်ရှိသည်။ ဒေသခံစိုက်တောင်သူများနှင့် သီးနှံပြုပြင် ထုတ်လုပ်သည့် လုပ်ငန်းရှင်များအတွက် ဈေးကွက်သစ်နှင့် ဝင်ငွေအခွင့်အလမ်းများ ပိုမိုပွင့်လန်းလာနေသော်လည်း ဈေးကွက်ခိုင်မာရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်သည်။

          ထောပတ်သီးကို အအေးညှစ်စနစ် (Cold-Pressed) ဖြင့် ထောပတ်ဆီ(Avocado Oil) ၊ သဘာဝဆပ်ပြာ၊ ခေါင်းလျှော်ရည်နှင့် အသားအရည်ထိန်းသိမ်းရေးခရင်မ်များအဖြစ် ပြောင်းလဲ ထုတ်လုပ်ရာတွင် ၁၀၀ မီလီလီတာလျှင် ၁၅၀၀၀ ကျပ် မှ ၂၅၀၀၀ ကျပ်အထိ ဈေးနှုန်းရရှိသည်။ အသီး အတိုင်းရောင်းချခြင်းထက် ဝင်ငွေ ၃ ဆ မှ ၅ ဆ အထိ ပိုမိုမြင့်မားလာသည်။

          တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်ခြင်းသည် သိုလှောင်ရောင်းချနိုင်သည့် သက်တမ်းကို စက်တင်ဘာလ မှ ဇန်နဝါရီလအထိ သာမန်ရာသီချိန်အပြင် တစ်နှစ်ပတ်လုံးအထိ တိုးမြှင့်ပေးနိုင်ခဲ့ သည်။ အထူးသဖြင့် ပြည်တွင်းအလှကုန်ဈေးကွက်တွင် သဘာဝအခြေခံပစ္စည်းများကို စားသုံးသူများ ပိုမိုဦးစားပေးဝယ်ယူလာကြသဖြင့် စိုက်ပျိုးသူများအတွက် အရည်အသွေးမမီသည့်အသီးငယ်များကိုပါအကျိုးရှိစွာအသုံးချနိုင်ခဲ့သည်။သို့သော်လည်းဆီညှစ်စက်ကိရိယာရင်းနှီ းမြှုပ်နှံမှုစရိတ်များပြားခြင်း၊ ထုတ်ပိုးမှု (Packaging) အရည်အသွေးလိုအပ်ချက်နှင့် ISO/FDA စသည့် စံချိန်စံညွှန်းထိန်းသိမ်းရေး ဆိုင်ရာ နည်းပညာပံ့ပိုးမှုများ ရရှိရန် ကျန်ရှိနေသေးသည်။

          အချုပ်အားဖြင့်ဆိုရသော် ပြင်ဦးလွင် ထောပတ်သီးကို အကြမ်းထည် စိုက်ပျိုးရောင်းချခြင်းမှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ကူးပြောင်းခြင်းသည် ဒေသတွင်း စိုက်ပျိုးရေး၊ စီးပွားရေးကို မြှင့်တင်ပေးနိုင်မည့် ရေရှည်ခိုင်မာသော နည်းလမ်းဖြစ်ပြီး နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုအားကောင်းလာပါက ပြည်ပ ဈေးကွက်အထိ ထိုးဖောက်နိုင်မည့် အလားအလာကောင်းများ ရရှိလာနိုင်မည်ဖြစ်ပေသည်။

DOCA(မန္တလေး)