Main menu

ဗီယက်နမ် လက်ဖက်ခြောက် အမေရိကန်သို့ တင်ပို့ရာတွင် ဈေးနှုန်းမြင့်တက်လာ

Powered by Drupal

       ဗီယက်နမ်နိုင်ငံ၏ အမေရိကန်သို့ လက်ဖက်ခြောက်တင်ပို့မှုသည် ၂၀၂၆ ခုနှစ် ပထမ ၈ လအတွင်း ပမာဏ ၂၂ ရာခိုင်နှုန်း တိုးလာခဲ့သော်လည်း တန်ဖိုးမှာ ၃၆.၄ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာခဲ့သည်။ အထူးသဖြင့် လက်ဖက်စိမ်း၏ တစ်တန်ပျမ်းမျှဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃,၀၁၆ အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

        အကောက်ခွန်ဌာန၏ အချက်အလက်များအရ ယခုနှစ် ပထမ ၈ လအတွင်း ဗီယက်နမ် နိုင်ငံသည် လက်ဖက်ခြောက် တန်ချိန် ၇၇,၂၅၆ တင်ပို့ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၁၄၃.၅ သန်း ရရှိခဲ့သည်။ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏ ၉.၈ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း တင်ပို့မှုတန်ဖိုးမှာ ၁.၅ ရာခိုင်နှုန်းသာကျဆင်းခဲ့ကြောင်း သိရသည်။

      ယင်းအခြေအနေသည် လက်ဖက်ခြောက်တင်ပို့ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ဆက်စပ်နေသည်။ ဩဂုတ်လအတွင်း လက်ဖက်ခြောက် တစ်တန်၏ ပျမ်းမျှဈေးနှုန်းမှာ ဒေါ်လာ ၂,၀၈၈ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၈ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည်။ ပထမ ၈ လအတွက် ပျမ်းမျှဈေးနှုန်းမှာ ဒေါ်လာ ၁,၇၇၈ ခန့် ဖြစ်ပြီး ယခင်နှစ်ထက် ၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

       ဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူ တင်ပို့မှုပမာဏ ကျဆင်းလာခြင်းက ဗီယက်နမ်၏ လက်ဖက်ခြောက်တင်ပို့ဈေးကွက်တွင် ကွာခြားမှု ပိုမိုရှင်းလင်းလာကြောင်း ပြသနေသည်။ အချို့ ဈေးကွက်များတွင် ဝယ်ယူမှုလျော့ကျနေသော်လည်း အခြားဈေးကွက်များတွင် တင်သွင်းမှုတိုးလာပြီး တင်ပို့ဝင်ငွေအတွက် အရေးပါသော အထောက်အကူဖြစ်နေသည်။ အမေရိကန်ဈေးကွက်သည် ထင်ရှားသော ဥပမာတစ်ခုဖြစ်သည်။

         ပထမ ၈ လအတွင်း ဗီယက်နမ်က အမေရိကန်သို့ လက်ဖက်ခြောက်တင်ပို့ရာမှ ဒေါ်လာ ၇.၆၄ သန်း ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၃၆.၄ ရာခိုင်နှုန်း တိုးလာခဲ့သည်။ အမေရိကန်သို့ တင်ပို့သည့် လက်ဖက်ခြောက် တစ်တန်လျှင် ပျမ်းမျှ ဒေါ်လာ ၁,၆၄၉ ရရှိခဲ့ပြီး ယခင်နှစ်ထက် ၁၂ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း သိရသည်။

         လက်ဖက်အမျိုးအစားအလိုက်လည်း ဈေးနှုန်းမြင့်တက်မှုကို တွေ့ရသည်။ International Trade Centre (ITC) ၏ အချက်အလက်အရ ယခုနှစ် ပထမ ၇ လအတွင်း ဗီယက်နမ်မှ အမေရိကန် သို့ တင်ပို့သော လက်ဖက်စိမ်း တစ်တန်ဈေးနှုန်းမှာ ဒေါ်လာ ၃,၀၁၆ ရှိခဲ့ပြီး ယခင်နှစ်ထက် ၃၁.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ လက်ဖက်ခြောက်အနက်ရောင် (Black tea) ၏ ဈေးနှုန်းမှာလည်း ၁၃.၄ ရာခိုင်နှုန်း မြင့်တက်ပြီး ဒေါ်လာ ၁,၇၃၇ ဖြစ်လာခဲ့ကြောင်း သိရသည်။

       ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ Import-Export Department ၏ အဆိုအရ ကမ္ဘာ့ဝယ်လိုအားသည် အရည်အသွေးမြင့် လက်ဖက်၊ ပြုပြင်ထုတ်လုပ်ထားသော လက်ဖက်စိမ်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှု သို့မဟုတ် အော်ဂဲနစ် အသိအမှတ်ပြုလက်မှတ်များ ရရှိထားသည့် လက်ဖက်များ ဘက်သို့ ရွေ့လျားလာခြင်းကြောင့် တင်ပို့ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

        ထို့အပြင် Oolong tea နှင့် အရသာထည့်သွင်းထားသော လက်ဖက်များကဲ့သို့ တန်ဖိုးမြင့် ထုတ်ကုန်များ၏ မှာယူမှုလည်း တိုးလာနေသည်။ ယင်းတို့သည် ယခင်က အဓိကတင်ပို့ခဲ့သည့် လက်ဖက်ကုန်ကြမ်းများ၏ နေရာကို တဖြည်းဖြည်း အစားထိုးလာနေကြောင်း သိရသည်။

      အဆိုပါအခြေအနေသည် အမေရိကန်တစ်နိုင်ငံတည်းတွင် ဖြစ်ပေါ်နေခြင်းမဟုတ်ပါ။ ပထမ ၈ လအတွင်း ရုရှားနိုင်ငံ၏ ဗီယက်နမ်လက်ဖက်တင်သွင်းမှု ၂၃ ရာခိုင်နှုန်း တိုးလာပြီး တန်ဖိုးမှာ ၁၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ တင်သွင်းမှုမှာလည်း ၂၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ဩဂုတ်လတစ်လတည်းတွင် ဆော်ဒီအာရေးဗီးယားသို့ တင်ပို့မှုပမာဏသည် ၃.၄ ဆ တိုးလာပြီး တန်ဖိုးမှာ ၆ ဆကျော် တိုးလာခဲ့ကြောင်း သိရသည်။

        တစ်ဖက်တွင် ပါကစ္စတန်နှင့် မြောက်အာဖရိကရှိ အချို့ဈေးကွက်များတွင် ဗီယက်နမ် လက်ဖက်ရောင်းအားမှာ သိသိသာသာ ကျဆင်းခဲ့သည်။ ဝယ်လိုအားနှေးကွေးလာခြင်းအပြင် ရာသီဥတုမကောင်းမှုကြောင့် လက်ဖက်အထွက်နှုန်းနှင့် အရည်အသွေး ထိခိုက်ခဲ့ခြင်းလည်း အကြောင်းရင်းတစ်ခုဖြစ်သည်။ အထူးသဖြင့် ပါကစ္စတန်တွင် ဘဏ္ဍာရေးအခက်အခဲများနှင့် Halal စည်းမျဉ်းအသစ်များလည်း သက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။

         ပို့ကုန်-သွင်းကုန် ဦးစီးဌာန၏ ခန့်မှန်းချက်အရ အာရှ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အမေရိကတို့တွင် အားလပ်ရက်နှင့် နှစ်သစ်ကူးကာလများ နီးကပ်လာခြင်းကြောင့် စတုတ္ထ သုံးလပတ်တွင် လက်ဖက်ဝယ်လိုအား တိုးလာနိုင်သည်။ ထို့ကြောင့် လက်ဖက်တင်ပို့ဈေးနှုန်းများ မြင့်မားနေဆဲဖြစ်နိုင်ပြီး ပြုပြင်ထုတ်လုပ်ထားသော လက်ဖက်များ၊ အထူးအမျိုးအစား လက်ဖက်များနှင့် အမှတ်တံဆိပ်ပါ ထုတ်ကုန်များသည် ဗီယက်နမ်၏ လက်ဖက်တင်ပို့မှုတန်ဖိုးကို ဆက်လက်မြှင့်တင်ပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)