Main menu

Bulog က တစ်ရက်လျှင် ဆန်တန်ချိန် ၄၀၀၀ ခန့် ဖြန့်ဖြူး

Powered by Drupal

        Indonesia နိုင်ငံပိုင်စားနပ်ရိက္ခာဝယ်ယူရေးကုမ္ပဏီ Bulog သည် အစားအစာထောက်ပံ့မှုနှင့် ဈေးနှုန်းတည်ငြိမ်ရေး (SPHP) အစီအစဉ်အရ နိုင်ငံတစ်ဝန်း ဆန်ဈေးနှုန်းများ တည်ငြိမ်စေရန် တစ်ရက်လျှင် ဆန်တန်ချိန် ၄၀၀၀ ခန့် ပုံမှန်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။ Bulog ၏ President Director Ahmad Rizal Ramdhani က East Jakarta ရှိ Cipinang Central Rice Market (PIBC) တွင် သောကြာနေ့က ပြောကြားရာတွင် ဆန်များ ပုံမှန်ဖြန့်ဖြူးပေးခြင်းဖြင့် ဈေးကွက်အတွင်း ဆန်လုံလောက်စွာ ရရှိစေပြီး ဈေးနှုန်းတည်ငြိမ်မှုကို အထောက်အကူပြုကြောင်း ပြောကြားသည်။ ဆန်လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရန် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ လုပ်ငန်းများအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။ အစားအစာဈေးနှုန်း တည်ငြိမ်ရေးအတွက် Bulog ၏ ဆန်ဖြန့်ဖြူးမှုအပြင် ပုဂ္ဂလိကကုမ္ပဏီများနှင့် ဆန်စက်များအကြား ပူးပေါင်းညှိနှိင်းဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း Ahmad Rizal Ramdhani က ပြောကြားသည်။ ထိုအပြင် ဆန်များကို စားသုံးသူများထံ အချိန်မီရောက်ရှိစေရန် ဖြန့်ဖြူးမှု လုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်စေရန် အစိုးရအနေဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။ ဈေးကွက်အတွင်း ဆန်ရရှိနေပြီဖြစ်သော်လည်း လက်လီဆိုင်များနှင့် ကျေးရွာများရှိ အရောင်းဆိုင်များထံ ပိုမိုမြန်ဆန်စွာ ရောက်ရှိစေရန် အဓိကထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ Bulog သည် စားသုံးသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် အရည်အသွေးမြင့် ဆန်များကိုလည်း ပြင်ဆင်ဖြန့်ဖြူးလျက်ရှိပြီး နိုင်ငံတစ်ဝန်း တစ်ရက်လျှင် ဆန်တန်ချိန် ၅၀၇ တန်ခန့် ဖြန့်ဖြူးပေးလျက်ရှိသည်။ အဆိုပါ ပမာဏသည် နိုင်ငံတစ်ဝန်း အရည်အသွေးမြင့်ဆန် လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းခန့်သာရှိပြီး ကျန် ၉၀ ရာခိုင်နှုန်းကို ပုဂ္ဂလိကကုမ္ပဏီများက ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။ National Food Agency (Bapanas) ၏ ညွှန်ကြားချက်အရ ဆန်ဈေးနှုန်းအမြင့်ဆုံး လက်လီဈေးကို အလတ်စားဆန် တစ်ကီလိုဂရမ်လျှင် ရူပီး ၁၂,၅၀၀ (အမေရိကန်ဒေါ်လာ ၀ ဒသမ ၇၀) နှင့် အရည်အသွေးမြင့်ဆန် တစ်ကီလိုဂရမ်လျှင် ရူပီး ၁၄,၉၀၀ (အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၃) သတ်မှတ်ထားကြောင်း သိရသည်။ အစိုးရသည် အလတ်စား ဆန်နှင့် အရည်အသွေးမြင့်ဆန်များ ရောင်းချနိုင်မည့် အရောင်းစခန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် Red and White Village Cooperatives များမှတစ်ဆင့် ဆန်ဖြန့်ဖြူးရေးကွန်ရက်ကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)