Main menu

အမေရိကန်ဒေါ်လာ ၃၂၈.၉၈ သန်းဖိုး သဘောတူညီမှုရရှိခဲ့သည့် အင်ဒိုနီးရှားကုမ္ပဏီ ၂၆ ခု

Powered by Drupal

         အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ စီစဉ်ပေးမှုဖြင့် အင်ဒိုနီးရှားကုမ္ပဏီ ၂၆ ခုသည် ချီလီနိုင်ငံ Santiago မြို့၌ ကျင်းပသည့် INA-LAC Business Mission 2026 သို့ ပါဝင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၂၈.၉၈ သန်းတန်ဖိုးရှိ အတည်ပြုသဘောတူညီမှုများနှင့် အမေရိကန်ဒေါ်လာ ၃၄၄.၀၈ သန်းတန်ဖိုးရှိ အလားအလာရှိသော စီးပွားရေးအရောင်းအဝယ်များ ရရှိခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အရ ယင်းပမာဏများသည် ယမန်နှစ်က ဘရာဇီးနိုင်ငံ São Paulo မြို့၌ ကျင်းပခဲ့သည့် စီးပွားရေးမစ်ရှင်နှင့် နှိုင်းယှဉ်ပါက အတည်ပြုသဘောတူညီမှုတန်ဖိုး ၁၀.၈ ရာခိုင်နှုန်းနှင့် အလားအလာရှိသည့် အရောင်းအဝယ်တန်ဖိုး ၂၁.၂ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခြင်းဖြစ်သည်။ ယမန်နှစ်တွင် အတည်ပြုသဘောတူညီမှု အမေရိကန်ဒေါ်လာ ၂၉၇ သန်းနှင့် အလားအလာရှိသည့် အရောင်းအဝယ် အမေရိကန်ဒေါ်လာ ၂၈၄ သန်း ရရှိခဲ့သည်။ လက်တင်အမေရိကနှင့် ကာရစ်ဘီယံ (LAC) ဒေသနှင့် အင်ဒိုနီးရှားနိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးများ ပိုမိုခိုင်မာစေရန် ရည်ရွယ်သည့် အဆိုပါပွဲကို အင်ဒိုနီးရှားကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (KADIN)၊ Sociedad de Fomento Fabril (SOFOFA) နှင့် မဟာဗျူဟာမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ INA-LAC 2026 ၏ “Bridging Continents, Unlocking Opportunities” ဟူသော ဆောင်ပုဒ်သည် ကမ္ဘာ့စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် သက်ရောက်မှုရှိနေသည့် ပြောင်းလဲလာသော ပထဝီနိုင်ငံရေးအခြေအနေများနှင့် အထူးသင့်လျော်ကြောင်း အင်ဒိုနီးရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Arif Havas Oegroseno က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ အဆိုပါ စီးပွားရေးဖိုရမ်သည် စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် အစိတ်အပိုင်းကွဲပြားမှုထက် ချိတ်ဆက်ပေါင်းစည်းမှုကို ဦးစားပေးရန် လိုအပ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။ ထို့ပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေးများ ခိုင်မာစေရေး၊ ကဏ္ဍအသီးသီးအကြား ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးနှင့် ကွဲပြားစုံလင်ပြီး ခံနိုင်ရည်ရှိသည့် စီးပွားရေးမိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရေးတို့ကို အလေးထားခဲ့သည်။ Chile နိုင်ငံ နိုင်ငံတကာစီးပွားရေးဆက်ဆံရေး ဒုတိယဝန်ကြီးဌာန (SUBREI) ၏ နှစ်နိုင်ငံစီးပွားရေးရေးရာ ညွှန်ကြားရေးမှူးချုပ် Felipe Lopeandia Wielandt ကလည်း ကုန်သွယ်ရေးသံတမန်ရေးရာ၏ အရေးပါမှုနှင့် Chile နှင့် အရှေ့တောင်အာရှနိုင်ငံများအကြား စီးပွားရေးပေါင်းစည်းမှု အလားအလာကောင်းများကို အလေးထားပြောကြားခဲ့သည်။ KADIN ဥက္ကဋ္ဌ Anindya Bakrie ကလည်း စွမ်းအင်နှင့် သတ္တုတူးဖော်ရေးကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် အဆိုပြုခဲ့သည်။ KADIN အနေဖြင့် အင်ဒိုနီးရှားနိုင်ငံရှိ အလားအလာရှိသော စက်မှုလုပ်ငန်း မိတ်ဖက်များကို ရှာဖွေဖော်ထုတ်ပြီး LAC ဒေသရှိ မိတ်ဖက်များနှင့် တိုက်ရိုက်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရေး ကူညီပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ Chile နှင့် လက်တင်အမေရိက ဒေသရှိ နိုင်ငံအများအပြားသည် ကြေးနီနှင့် လစ်သီယမ်ကဲ့သို့သော သတ္တုများကို ကမ္ဘာ့ဈေးကွက်သို့ အဓိကတင်ပို့နေသည့် နိုင်ငံများဖြစ်သည်။ ယင်းအခြေအနေသည် သတ္တုတွင်းထွက်များ ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်လုပ်မှု တိုးမြှင့်ရေးနှင့် လျှပ်စစ်မော်တော်ယာဉ် (EV) ဂေဟစနစ် ခိုင်မာစွာတည်ဆောက်ရေးကို အရှိန်မြှင့်ဆောင်ရွက်နေသည့် အင်ဒိုနီးရှားနိုင်ငံ၏ မူဝါဒနှင့်လည်း ကိုက်ညီနေသည်။ ဖိုရမ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၏ တန်ဖိုးမြှင့်ထုတ်လုပ်မှု မဟာဗျူဟာများကို LAC ဈေးကွက်အတွင်း အကောင်အထည်ဖော်နိုင်ရေးအတွက် တိကျသည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ နည်းပညာနှင့် သုတေသနပူးပေါင်းဆောင်ရွက်မှုများ၊ ကျွမ်းကျင်လုပ်သားများ ရွှေ့ပြောင်း လုပ်ကိုင်နိုင်ရေးတို့ကို အဓိကဆွေးနွေးခဲ့ကြသည်။ INA-LAC ဈေးကွက်တွင် နိုင်ငံပေါင်း ၃၃ နိုင်ငံ ပါဝင်ပြီး စုစုပေါင်းလူဦးရေ သန်း ၆၇၀ ခန့်ရှိသည်။ ထို့ပြင် အင်ဒိုနီးရှားနှင့် လက်တင်အမေရိကဒေသအကြား ကုန်ပစ္စည်းနှင့် ကုန်ကြမ်းများ သယ်ယူပို့ဆောင်ရေးတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် ထောက်ပံ့ပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍမှ စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးကိစ္စများကိုလည်း အလေးထား ဆွေးနွေးခဲ့သည်။ INA-LAC Business Mission သည် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက စတင်အကောင်အထည်ဖော်သည့် အဓိကအစီအစဉ်တစ်ရပ်ဖြစ်ပြီး ရိုးရာမဟုတ်သေးသည့် ဈေးကွက်များသို့ ချဲ့ထွင်ဝင်ရောက်ကာ LAC ဒေသအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးမြှင့်ရရှိစေရန် ရည်ရွယ်သည်။ အဆိုပါ စီးပွားရေးမစ်ရှင်မှ တစ်ဆင့် ပို့ကုန်ဈေးကွက်များ ကွဲပြားစုံလင်လာစေရန်နှင့် စွမ်းအင်၊ နီကယ်၊ လစ်သီယမ်နှင့် ဘော့ဆိုက်ကဲ့သို့သော အရေးပါသည့် သတ္တုများအပါအဝင် မဟာဗျူဟာကျကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ခြင်းဖြင့် ကမ္ဘာ့ကုန်စည်ထောက်ပံ့ရေးကွင်းဆက်များ ပိုမိုခိုင်မာလာစေရန်လည်း ရည်ရွယ်ထားသည်။ ယခုနှစ် စီးပွားရေးမစ်ရှင်တွင် အင်ဒိုနီးရှားကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းစွမ်းဆောင်ရည်များကို မိတ်ဆက်တင်ပြနိုင်ပြီး LAC ဒေသရှိ အလားအလာရှိသည့် မိတ်ဖက်များနှင့် ရေရှည်စီးပွားရေးဆက်ဆံရေးများ တည်ဆောက်နိုင်ရန်အတွက် သီးခြားစီးပွားရေး မိတ်ဆက်ဆွေးနွေးပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)