
အင်ဒိုနီးရှားနိုင်ငံသည် ဥရောပသမဂ္ဂ (EU) ၏ Generalised Scheme of Preferences (GSP) ကုန်သွယ်ရေးအခွင့်အရေး ကုန်ဆုံးမည့် ၂၀၂၇ ခုနှစ်မတိုင်မီ အင်ဒိုနီးရှား-ဥရောပသမဂ္ဂ ဘက်စုံစီးပွားရေးမိတ်ဖက်သဘောတူညီချက် (I-EU CEPA) ကို အပြီးသတ်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်နေကြောင်း ကုန်သွယ်ရေးဝန်ကြီး Budi Santoso က ပြောကြားသည်။
အင်ဒိုနီးရှားအစိုးရအနေဖြင့် I-EU CEPA ကို ၂၀၂၆ ခုနှစ် အောက်တိုဘာလကုန်တွင် လက်မှတ်ရေးထိုးရန် ရည်မှန်းထားပြီး လက်မှတ်ရေးထိုးပြီးနောက် အတည်ပြုရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ကာ ၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် သဘောတူညီချက် စတင်အသက်ဝင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Budi Santoso က အောက်တိုဘာလကုန်တွင် သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေး အရှိန်မြှင့်ဆောင်ရွက်နေကြောင်း အင်္ဂါနေ့က ပြောကြားခဲ့သည်။ အဆိုပါ သဘောတူညီချက်ကို အချိန်မီ အပြီးသတ်နိုင်ရန် ရည်ရွယ်ခြင်းမှာ အင်ဒိုနီးရှားနိုင်ငံ၏ ပို့ကုန်ထုတ်ကုန်များအတွက် အကောက်ခွန်အခွင့်အရေးအချို့ ပေးထားသည့် EU ၏ GSP အစီအစဉ် ကုန်ဆုံးသွားသည့်အခါ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ထိခိုက်မှုမရှိစေရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
EU ၏ GSP အစီအစဉ် ကုန်ဆုံးသွားပါက လက်ရှိပေးအပ်ထားသည့် အကောက်ခွန်ဆိုင်ရာ အခွင့်အရေးများ ဆက်လက်ရရှိတော့မည်မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။ အင်ဒိုနီးရှားအစိုး ရသည် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto ဦးဆောင်၍ EU အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Budi Santoso က ပြောကြားသည်။
အဆိုပါတွေ့ဆုံမှုအတွင်း I-EU CEPA ကို အောက်တိုဘာလကုန်တွင် အပြီးသတ်လက်မှတ်ရေးထိုးရန် နှစ်ဖက်သဘောတူညီခဲ့ပြီး လက်မှတ်ရေးထိုးပွဲကို Jakarta မြို့၌ ကျင်းပနိုင်ဖွယ် ရှိကြောင်း သိရသည်။ လက်ရှိတွင် သဘောတူညီချက်နှင့် ပတ်သက်သည့် ကိစ္စရပ်အချို့ကို အင်ဒိုနီးရှားနှင့် EU နှစ်ဖက် ဆက်လက်ညှိနှိုင်းနေကြဆဲဖြစ်သည်။ အင်ဒိုနီးရှားဘက်မှ လုပ်ဆောင်ရမည့် အပိုင်းများကို အခြေခံအားဖြင့် ပြီးစီးထားပြီး EU ဘက်တွင်မူ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နေကြောင်း Budi Santoso က ဆိုသည်။
ဆက်လက်ညှိနှိုင်းရမည့် အချက်များအနက် သဘောတူညီချက်စာတမ်း အသုံးပြုမည့် ဘာသာစကားသည်လည်း တစ်ရပ်အပါအဝင်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးမည့် သဘောတူညီချက်စာတမ်းကို အင်ဒိုနီးရှားဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးဖြင့် ထုတ်ပြန်အသုံးပြုလိုကြောင်း သိရသည်။
သဘောတူညီချက်ကို ရည်မှန်းထားသည့်အတိုင်း အပြီးသတ်နိုင်ပါက အတည်ပြုရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး I-EU CEPA သည် ၂၀၂၇ ခုနှစ် အစောပိုင်းတွင် စတင်အသက်ဝင်နိုင်ရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
