Main menu

တရုတ်နိုင်ငံက ဗီယက်နမ်ဆန် တင်ပို့မှု ဒုတိယအကြီးဆုံးဈေးကွက် ဖြစ်လာ

Powered by Drupal

        တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမ ၈ လအတွင်း ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ၁ သန်း ကျော် ဝယ်ယူခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၀၅ သန်းနီးပါး သုံးစွဲခဲ့သဖြင့် ဖိလစ်ပိုင်ပြီးလျှင် ဗီယက်နမ် ၏ ဒုတိယအကြီးဆုံး ဆန်တင်ပို့မှုဈေးကွက် ဖြစ်လာခဲ့ကြောင်း သိရသည်။

      ဗီယက်နမ် စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ စက်တင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံသည် ဆန်တန်ချိန် ၃၇၇,၄၀၀ တင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၅.၆ သန်း ရရှိခဲ့ကြောင်း သိရသည်။

        ၂၀၂၆ ခုနှစ် ပထမ ၉ လအတွင်း ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် ဆန်တန်ချိန် ၆.၄ သန်းခန့် တင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၃.၁၁ ဘီလီယံ ရရှိခဲ့သည်။ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏ ၆.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တင်ပို့မှုတန်ဖိုးမှာ ၁၀.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

        အဆိုပါ ၉ လတာကာလအတွင်း ဆန်တင်ပို့မှု ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၈၄.၈ ခန့်ရှိပြီး ယခင်နှစ် အလားတူကာလထက် ၅.၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ တင်ပို့မှုဈေးကွက်များအနက် ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်အထိ အချက်အလက်များအရ ဖိလစ်ပိုင် နိုင်ငံသည် ဗီယက်နမ်ဆန်၏ အကြီးဆုံးဝယ်ယူသူအဖြစ် ဆက်လက်ရပ်တည်နေပြီး စုစုပေါင်းတင်ပို့မှု ၏ ၄၀.၉ ရာခိုင်နှုန်းကို ဝယ်ယူခဲ့သည်။ သို့သော် ဖိလစ်ပိုင်သို့ ဆန်တင်ပို့မှုပမာဏမှာ ၁၆.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

        ထူးခြားချက်အနေဖြင့် တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ် အလားတူကာလတွင် စတုတ္ထနေရာ၌ ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် ဗီယက်နမ်၏ ဒုတိယအကြီးဆုံး ဆန်တင်ပို့မှုဈေးကွက်အဖြစ် မြင့်တက်လာခဲ့သည်။ ပထမ ၈ လအတွင်း တရုတ်နိုင်ငံသို့ တင်ပို့မှုသည် ဗီယက်နမ်၏ စုစုပေါင်းဆန်တင်ပို့ မှု၏ ၁၇.၄ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

        တရုတ်နိုင်ငံသည် ယခုနှစ် ပထမ ၈ လအတွင်း ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ၁.၀၃ သန်းခန့် ဝယ်ယူခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၀၅ သန်းနီးပါး သုံးစွဲခဲ့သည်။ ယခင်နှစ် အလားတူကာလတွင်မူ ဆန်တန်ချိန် ၅၆၅,၀၀၀ ကျော်သာ တင်သွင်းခဲ့ပြီး တန်ဖိုးမှာ ဒေါ်လာ ၂၈၆.၇ သန်း ရှိခဲ့ကြောင်း သိရသည်။

       စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက တရုတ်နိုင်ငံ၏ ဆန်ကွဲဝယ်လိုအား သိသိသာသာ မြင့်တက်လာခဲ့ပြီး အဓိကအားဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်ရာတွင် အသုံးပြုရန် ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

        ထို့အပြင် ၂၀၂၆ ခုနှစ် ပထမ ၈ လအတွင်း အီရတ်နိုင်ငံသို့ ဗီယက်နမ်ဆန်တင်ပို့မှုသည် ယခင် နှစ် အလားတူကာလထက် ၉၈.၉ ဆအထိ မြင့်တက်ခဲ့သည်။ သို့သော် တင်ပို့မှု သိသိသာသာ တိုးလာ ခဲ့သော်လည်း အီရတ်ဈေးကွက်သို့ တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၁၄ သန်းနီးပါးသာ ရှိသေးကြောင်း သိရသည်။

       ၂၀၂၆-၂၀၂၇ သီးနှံနှစ်အတွက် ဆန်ထောက်ပံ့မှု၊ ဝယ်လိုအား၊ ကုန်သွယ်မှုနှင့် ဈေးနှုန်းများကို သုံးသပ်ရာတွင် အီရတ်နိုင်ငံသို့ ဆန်တင်ပို့မှု ပြန်လည်မြင့်တက်လာခြင်းသည် ဈေးကွက်များကို ပိုမိုကွဲပြားစွာ ရှာဖွေနိုင်သည့် အခွင့်အလမ်းများ ရှိနေသေးကြောင်း ပြသနေသည်ဟု ဝန်ကြီးဌာနက ဆိုသည်။ ထို့ကြောင့် ယခုနှစ်နောက်ဆုံးလများအတွင်း ဈေးကွက်ကွဲပြားမှုကို ပိုမိုတက်ကြွပြီး ရေရှည်တည်တံ့စွာ ဆောင်ရွက်သင့်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။

         တစ်ဖက်တွင် ဗီယက်နမ်၏ ဆန်တင်ပို့မှုသည် ဖိလစ်ပိုင်နှင့် တရုတ်ဈေးကွက်များအပေါ် ပိုမိုအာရုံစိုက်လာပြီး အဆိုပါဈေးကွက်နှစ်ခုသည် စုစုပေါင်းဆန်တင်ပို့မှု၏ ၆၄ ရာခိုင်နှုန်းကျော်ကို ရယူထားသည်။ ယင်းအခြေအနေသည် ရေတိုကာလတွင် အကျိုးရှိနိုင်သော်လည်း ဈေးကွက်အနည်း ငယ်အပေါ် မှီခိုနေရမှုအန္တရာယ်ကို မြင့်တက်စေကြောင်း ဝန်ကြီးဌာနက သတိပေးခဲ့သည်။ ထို့ကြောင့် ဗီယက်နမ်အနေဖြင့် ဆန်တင်ပို့မည့် နိုင်ငံများနှင့် ဈေးကွက်များကို တဖြည်းဖြည်း ချဲ့ထွင်ကွဲပြားသင့်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။

          ဗီယက်နမ်စားနပ်ရိက္ခာအသင်း၏ ခန့်မှန်းချက်အရ အောက်တိုဘာလတွင် ဆန်တန်ချိန် ၄၀၀,၀၀၀၊ နိုဝင်ဘာလတွင် တန်ချိန် ၂၂၀,၀၀၀ ခန့်နှင့် ဒီဇင်ဘာလတွင် တန်ချိန် ၂၆၈,၃၀၀ ခန့် တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။ ၂၀၂၆ ခုနှစ် တစ်နှစ်လုံးအတွက် ဗီယက်နမ်၏ ဆန်တင်ပို့မှု ပမာဏသည် တန်ချိန် ၇.၇၄ သန်းနီးပါးအထိ ရောက်ရှိနိုင်ပြီး တင်ပို့မှုဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃.၉၄ ဘီလီယံခန့် ရရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ တင်ပို့မှုတန်ဖိုးမှာ ၂၀၂၅ ခုနှစ်ထက် ၄ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်ပြီး ယခုနှစ်အစပိုင်းတွင် ဆန်တင်ပို့မှု ပျမ်းမျှဈေးနှုန်းများ နိမ့်ကျခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

         တင်ပို့မှု တန်ချိန် ၇.၇၄ သန်းနီးပါးအထိ ရောက်ရှိပါက ဗီယက်နမ်သည် တင်ပို့မှုပမာဏအရ အိန္ဒိယပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည် နိုင်မည်ဖြစ်သည်။ ယခုနှစ်နောက်ဆုံးလများအတွင်း ဆန်တင်ပို့ဈေးနှုန်းများ မြင့်တက်လာနိုင်ရန် အထောက် အကူပြုမည့် အချက်များလည်း ရှိနေသည်။ ၂၀၂၆-၂၀၂၇ သီးနှံနှစ်တွင် ကမ္ဘာ့ဆန်ထောက်ပံ့မှုနှင့် ဝယ်လိုအား အခြေအနေသည် လိုအပ်ချက်ပိုမိုများပြားသည့် အခြေအနေသို့ ရောက်ရှိနိုင်ပြီး ကမ္ဘာ့ဆန်ကုန်သွယ်မှုပမာဏမှာလည်း စံချိန်တင်အဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

       ဖိလစ်ပိုင်နိုင်ငံကလည်း ၂၀၂၆ ခုနှစ်အတွင်း ဆန်တင်သွင်းမှုကို ရပ်ဆိုင်းမည်မဟုတ်ဘဲ နိုင်ငံ၏ ဆန်အရန်ပမာဏ တိုးမြှင့်ရန်အတွက် ဆက်လက်တင်သွင်းသွားမည်ဟု မကြာသေးမီက အတည်ပြုခဲ့သည်။ ယင်းသည် ဖိလစ်ပိုင်နိုင်ငံသို့ တင်သွင်းသည့်ဆန် အများစုကို လက်ရှိတွင် ဖြည့်ဆည်း ပေးနေသည့် ဗီယက်နမ်အတွက် အပြုသဘောဆောင်သည့် သတင်းဖြစ်သည်။

       တစ်ချိန်တည်းတွင် တရုတ်နိုင်ငံ၏ ဆန်တင်သွင်းမှုပမာဏလည်း သိသိသာသာ မြင့်တက်လာခဲ့ပြီး ဗီယက်နမ်ဆန်ကွဲ၊ ကုန်ကြမ်းအဖြစ် အသုံးပြုမည့်ဆန်နှင့် ကောက်ညှင်းဆန်များအတွက် အခွင့်အလမ်းများစွာ ပေါ်ပေါက်လာခဲ့သည်။ အရည်အသွေးမြင့်ဆန်ဈေးကွက်တွင် အရည်အသွေးကောင်းမွန်ပြီး ကာဗွန်ထုတ်လွှတ်မှုနည်းကြောင်း အသိအမှတ်ပြုထားသည့် ဗီယက်နမ်ဆန်များသည် ဂျပန်၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျဈေးကွက်များတွင် တစ်တန်လျှင် ဒေါ်လာ ၁,၀၀၀ ကျော်အထိ ဈေးရရှိခဲ့သည်။ ယင်းအခြေအနေသည် ဗီယက်နမ်ဆန်၏ တန်ဖိုးမြှင့်တင်နိုင်မည့် အလားအလာကို ပြသနေကြောင်း သိရသည်။

        ကမ္ဘာ့ဆန်ထောက်ပံ့မှုအပေါ် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်၊ အိန္ဒိယနိုင်ငံ၏ မုတ်သုံရာသီ အခြေအနေများနှင့် Kharif ဆန်စိုက်ဧကပမာဏတို့ကလည်း သက်ရောက်မှုရှိနိုင်သည်။ ထို့အပြင် အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် စွမ်းအင်နှင့်ရေကြောင်း ပို့ဆောင်ရေးကုန်ကျစရိတ်များ ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရှိရပါသည်။

Source : Vietnamnet global                                                               

DOCA (ရန်ကုန်)