Main menu

ဗီယက်နမ်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၀ ဘီလီယံကျော်ရှိ

Powered by Drupal

         ဗီယက်နမ်နိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမ ၉ လအတွင်း မှတ်ပုံတင်ထားသည့် နိုင်ငံခြားတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) စုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၃၆ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၇၆ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ထုတ်ပေးပြီး အကောင်အထည်ဖော်ခဲ့သည့် FDI ပမာဏမှာလည်း ၅ နှစ်အတွင်း ပထမ ၉ လအတွက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

         ဗီယက်နမ်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ စာရင်းအင်းရုံး၏ အချက်အလက်များအရ စက်တင်ဘာ ၃၀ ရက်အထိ မှတ်ပုံတင်ထားသည့် FDI စုစုပေါင်းသည် ဒေါ်လာ ၅၀ ဒသမ ၃၆ ဘီလီယံရှိခဲ့သည်။ အဆိုပါပမာဏတွင် စီမံကိန်းအသစ်များအတွက် ရင်းနှီးမြှုပ်နှံမှု၊ ရှိပြီးသားစီမံကိန်းများတွင် ထပ်မံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ အရင်းအနှီးထည့်ဝင်ခြင်းနှင့် ရှယ်ယာဝယ်ယူခြင်းများ ပါဝင်ကြောင်း သိရသည်။

       ပထမ ၉ လအတွင်း စီမံကိန်းအသစ် ၃,၁၀၈ ခုကို ခွင့်ပြုပေးခဲ့ပြီး စုစုပေါင်းမှတ်ပုံတင်ထားသည့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ဒေါ်လာ ၂၉ ဒသမ ၂၄ ဘီလီယံရှိခဲ့သည်။ စီမံကိန်းအရေအတွက်မှာ ယခင်နှစ်အလားတူကာလထက် ၆ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ၂ ဒသမ ၄ ဆ မြင့်တက်ခဲ့ကြောင်း သိရသည်။

      ထုတ်လုပ်ရေးနှင့် ပြုပြင်ထုတ်လုပ်ရေးကဏ္ဍသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးရရှိသည့် ကဏ္ဍအဖြစ် ဆက်လက်ရပ်တည်နေပြီး ဒေါ်လာ ၁၃ ဒသမ ၃၈ ဘီလီယံ ရရှိခဲ့ကာ စုစုပေါင်းအသစ် မှတ်ပုံတင် FDI ၏ ၄၅ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေးကဏ္ဍမှာ ဒေါ်လာ ၅ ဒသမ ၁၄ ဘီလီယံ၊ ၁၇ ဒသမ ၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး အခြားကဏ္ဍများမှာ စုစုပေါင်း ဒေါ်လာ ၁၀ ဒသမ ၇၁ ဘီလီယံ ရရှိခဲ့သည်။

         ပထမ ၉ လအတွင်း ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအသစ်များ ခွင့်ပြုခဲ့သည့် နိုင်ငံနှင့်ဒေသ ၇၉ ခုအနက် စင်္ကာပူက အများဆုံးရင်းနှီးမြှုပ်နှံခဲ့ပြီး ဒေါ်လာ ၉ ဒသမ ၂၆ ဘီလီယံ ရှိကာ စုစုပေါင်းအသစ်မှတ်ပုံတင်ရင်းနှီးမြှုပ်နှံမှု၏ ၃၁ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။ တောင်ကိုရီးယားက ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံဖြင့် ဒုတိယ၊ လူဇင်ဘတ်က ဒေါ်လာ ၄ ဒသမ ၉၉ ဘီလီယံဖြင့် တတိယနေရာတွင်ရှိသည်။ ထို့နောက် တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသက ဒေါ်လာ ၃ ဒသမ ၀၁ ဘီလီယံ၊ တရုတ်နိုင်ငံက ဒေါ်လာ ၂ ဒသမ ၂၇ ဘီလီယံ၊ ဂျပန်က ဒေါ်လာ ၁ ဒသမ ၅၆ ဘီလီယံနှင့် နယ်သာလန်က ဒေါ်လာ ၄၃၈ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။

        ယခင်က ခွင့်ပြုထားပြီးသား စီမံကိန်း ၉၄၈ ခုသည် ရင်းနှီးမြှုပ်နှံမှုအရင်းအနှီး ထပ်မံတိုး မြှင့်ခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၁၄ ဒသမ ၁၅ ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံခဲ့သည်။ ယင်းပမာဏသည် ယခင်နှစ်အလားတူကာလထက် ၂၅ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

       နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအေဂျင်စီ၏ ခန့်မှန်းချက်အရ ဗီယက်နမ်နိုင်ငံတွင် ပထမ ၉ လအတွင်း အကောင်အထည်ဖော်ပြီး ရင်းနှီးမြှုပ်နှံခဲ့သည့် FDI ပမာဏမှာ ဒေါ်လာ ၂၁ ဒသမ ၀၇ ဘီလီယံရှိပြီး ယခင်နှစ်အလားတူကာလထက် ၁၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

        ယင်းပမာဏသည် လွန်ခဲ့သည့် ၅ နှစ်အတွင်း မည်သည့်နှစ်၏ ပထမ ၉ လနှင့်မဆို နှိုင်းယှဉ် ပါက FDI အကောင်အထည်ဖော်ရင်းနှီးမြှုပ်နှံမှု အမြင့်ဆုံးပမာဏလည်းဖြစ်သည်။ အကောင်အထည်ဖော်ပြီး ရင်းနှီးမြှုပ်နှံမှုများအနက် ထုတ်လုပ်ရေးနှင့် ပြုပြင်ထုတ်လုပ်ရေးကဏ္ဍက အများဆုံးဖြစ်ပြီး ဒေါ်လာ ၁၇ ဒသမ ၄၀ ဘီလီယံ၊ စုစုပေါင်း၏ ၈၂ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၁ ဒသမ ၅၉ ဘီလီယံ၊ ၇ ဒသမ ၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး လျှပ်စစ်၊ ဓာတ်ငွေ့၊ ရေပူ၊ ရေနွေးငွေ့နှင့် လေအေးပေးစက် ထုတ်လုပ်ဖြန့်ဖြူးရေးကဏ္ဍတွင် ဒေါ်လာ ၇၂၃ ဒသမ ၄ သန်း၊ ၃ ဒသမ ၄ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရှိရပါသည်။

Source : Vietnamnet global                                                               

DOCA (ရန်ကုန်)