Main menu

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီဈေးနှုန်း ၂၀ ရာခိုင်နှုန်းကျဆင်းသဖြင့် တင်ပို့မှုတန်ဖိုး လျော့ကျ

Powered by Drupal

       ၂၀၂၆ ခုနှစ် ပထမ ၉ လအတွင်း ဗီယက်နမ်နိုင်ငံသည် ကော်ဖီတန်ချိန် ၁.၄ သန်း တင်ပို့ခဲ့သော်လည်း ကော်ဖီဈေးနှုန်းများ ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ခြင်းကြောင့် တင်ပို့မှုတန်ဖိုးမှာ ၇ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ကြောင်း သိရသည်။

      စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ အချက်အလက်များအရ ပထမ ၉ လအတွင်း ကော်ဖီတင်ပို့မှုပမာဏသည် ယခင်နှစ် အလားတူကာလထက် ၁၅.၄ ရာခိုင်နှုန်း မြင့်တက် ခဲ့ပြီး တန်ချိန် ၁.၄ သန်း ရှိခဲ့သည်။ သို့သော် တင်ပို့မှုတန်ဖိုးမှာ ၇ ရာခိုင်နှုန်းကျော် ကျဆင်းကာ အမေရိကန်ဒေါ်လာ ၆.၅၄ ဘီလီယံသာ ရရှိခဲ့သည်။ စက်တင်ဘာလတစ်လတည်းတွင် ကော်ဖီတန် ချိန် ၁၁၄,၂၀၀ တင်ပို့ခဲ့ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

        ၂၀၂၆ ခုနှစ် ပထမ ၉ လအတွင်း ကော်ဖီ၏ ပျမ်းမျှတင်ပို့ဈေးနှုန်းသည် ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းကာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄,၅၃၇ ခန့် ရှိခဲ့သည်။ ထို့ကြောင့် ကော်ဖီတင်ပို့ သည့် ပမာဏတိုးလာသော်လည်း ရရှိသည့်ဝင်ငွေမှာ လျော့ကျခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

      ထို့အပြင် ကမ္ဘာ့ကော်ဖီဈေးကွက်သည် ဈေးနှုန်းမြင့်မားခဲ့သည့်ကာလတစ်ခုအပြီး ပြန်လည်တည်ငြိမ်လာနေသည်။ အမေရိကန် စိုက်ပျိုးရေးဌာန (USDA) ၏ ခန့်မှန်းချက်အရ ၂၀၂၅-၂၀၂၆ သီးနှံရာသီ ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုသည် ၆၀ ကီလိုဂရမ်အိတ် ၁၇၈.၈ သန်း ရှိမည်ဟု ခန့်မှန်း ထားပြီး ယခင်နှစ်ထက် အိတ် ၃.၅ သန်း တိုးလာမည်ဖြစ်ကြောင်း သိရသည်။

       ၂၀၂၆-၂၀၂၇ သီးနှံရာသီ တွင်မူ ကော်ဖီထုတ်လုပ်မှုသည် အိတ် ၁၈၉.၇ သန်း အထိ ရောက်ရှိ မည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်ထက် အိတ် ၁၀.၈ သန်း (၆ ရာခိုင်နှုန်းခန့်) တိုးလာမည်ဖြစ်သည်။ ထိုတိုးတက်မှု၏ အများစုမှာ ဘရာဇီးနိုင်ငံမှဖြစ်ပြီး ကော်ဖီထုတ်လုပ်မှုမှာ အိတ် ၇၂ သန်းနီးပါး ရှိမည်ဟု ခန့်မှန်းထားသည်။ ဗီယက်နမ်နိုင်ငံ၏ ထုတ်လုပ်မှုမှာလည်း အိတ် ၃၁.၇ သန်းမှ ၃၂.၅ သန်း အထိ တိုးလာမည်ဟု ခန့်မှန်းထားပြီး ၂.၅ ရာခိုင်နှုန်းခန့် တိုးတက်မှုဖြစ်ကြောင်း သိရသည်။

       ဗီယက်နမ် ကော်ဖီနှင့် ကိုကိုးအသင်း ဥက္ကဋ္ဌ Nguyen Nam Hai ၏ ပြောကြားချက်အရ ကော်ဖီဈေးနှုန်းများ သုံးနှစ်နီးပါး ဆက်တိုက်မြင့်မားခဲ့ပြီးနောက် ကော်ဖီထုတ်လုပ်သည့် နိုင်ငံများမှ တောင်သူများသည် စိုက်ခင်းများကို ပိုမိုပြုစုခြင်း၊ စိုက်ဧကများ တိုးချဲ့ခြင်းနှင့် ထုတ်လုပ်မှုစွမ်းအား မြှင့်တင်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာကြသည်။ ထို့ကြောင့် ကော်ဖီထောက်ပံ့မှု ပြန်လည်တိုးလာခြင်းသည် ကမ္ဘာ့ကော်ဖီဈေးနှုန်းများအပေါ် ဖိအားဖြစ်စေကြောင်း သိရသည်။

       ဗီယက်နမ်နိုင်ငံအတွက်မူ ကော်ဖီသီးနှံအသစ်များသည် နိုဝင်ဘာလတွင် စတင်ထွက်ရှိမည်ဟု မျှော်မှန်းထားသဖြင့် တင်ပို့မှုများ ဆက်လက်တိုးလာနိုင်သည်။ Vicofa ၏ ခန့်မှန်းချက်အရ ယခုနှစ် ကော်ဖီတင်ပို့မှုပမာဏသည် ၂၀၂၅ ခုနှစ်ထက် ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့် တိုးလာနိုင်ကြောင်း သိရသည်။

        သို့သော် ကော်ဖီစိမ်းစေ့ဈေးနှုန်းများ ကျဆင်းနေသောကြောင့် ထုတ်လုပ်မှုပမာဏ တိုးလာခြင်းသည် တင်ပို့မှုတန်ဖိုးလည်း အလားတူ တိုးလာမည်ဟု မဆိုလိုကြောင်း ၎င်းက ဆိုသည်။ လက်ရှိအခြေအနေတွင် ဗီယက်နမ်ကော်ဖီလုပ်ငန်းအနေဖြင့် တန်ဖိုးမြှင့် ပြုပြင်ထုတ်လုပ်ထားသော ကော်ဖီထုတ်ကုန်များ၏ အချိုးအစားကို တိုးမြှင့်ရန်နှင့် ကော်ဖီစေ့အရည်အသွေး မြှင့်တင်ရန်လိုအပ်ကြောင်း Mr. Hai က ပြောကြားခဲ့ကြောင်း သိရသည်။

       ထို့အပြင် ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးမှု တားဆီးရေးစံနှုန်း (EUDR) များနှင့် ကိုက်ညီသည့် ကော်ဖီတင်ပို့မှုများသည် ပုံမှန်ကော်ဖီများထက် ဈေးနှုန်းပိုမိုရရှိနိုင်မည်ဟု မျှော်မှန်းထားသည်။ တစ်ချိန်တည်းတွင် ပြုပြင်ထုတ်လုပ်ပြီး ကော်ဖီထုတ်ကုန်များအပေါ် ဝယ်လိုအားလည်း ဆက်လက်မြင့်တက်နေကြောင်း သိရှိရပါသည်။

Source : VN Express                                                                           

DOCA (ရန်ကုန်)