Main menu

ကမ္ဘောဒီးယား-ဆော်ဒီအာရေဗျ တိုက်ရိုက်လေကြောင်းခရီးစဉ် ပြေးဆွဲရန် ဆွေးနွေး

Powered by Drupal

           ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းဝန်ကြီး Huot Hak နှင့် ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး Thamer Mohammed A. Algosaibi  တို့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး အရှိန်မြှင့်ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ အဆိုပါ MoU လက်မှတ်ရေးထိုးပြီးပါက နှစ်နိုင်ငံခရီးသွားလုပ်ငန်းရှင်များ နှင့် သတင်းမီဒီယာများ အပြန်အလှန် လေ့လာရေးခရီးစဉ်များ ပြုလုပ်နိုင်မည်ဖြစ်သည့်အပြင် ခရီးသွားလုပ်ငန်းရင်းနှီးမြှုပ်နှံမှု၊ ပူးတွဲ ဈေးကွက်မြှင့်တင်ရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးတို့ကို ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့အပြင် ဆော်ဒီအာရေဗျအမျိုးသားလေကြောင်းလိုင်း Saudia နှင့် ပူးပေါင်းကာ ကမ္ဘောဒီးယားနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် Riyadh အကြား တိုက်ရိုက်လေကြောင်း ခရီးစဉ် ပြေးဆွဲနိုင်ရေးကိုလည်း လေ့လာဆောင်ရွက်ရန်နှစ်ဖက်သဘောတူခဲ့ကြသည်။ အထူးသဖြင့် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် လေကြောင်းဆက်သွယ်မှု တိုးမြှင့်ခြင်းသည် ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖလှယ်မှုများကို ပိုမိုလွယ်ကူစေမည် ဖြစ်သည်။ ဝန်ကြီး Huot Hak က ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေးအစီအစဉ်များမှ တစ်ဆင့် အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံခြားခရီးသွားများ ပိုမိုလာရောက်ရန် ဆွဲဆောင်နေကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် သံတမန် ဆက်ဆံရေး စတင်ခဲ့သည့် ၁၆ နှစ်တာကာလအတွင်း ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခဲ့ကြပြီး ၂၀၂၅ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းဒေသမှ ကမ္ဘောဒီးယားသို့ လာရောက်သည့် ခရီးသွား ၆၀၀ ကျော်အနက် ဆော်ဒီအာရေဗျနိုင်ငံသား ၈၀ ဦး ပါဝင်ခဲ့ကြောင်း ခရီးသွား လုပ်ငန်းဝန်ကြီးဌာန၏ စာရင်းများအရ သိရှိရပါသည်။

Source: Khmer Times                                                           

DOCA(ရန်ကုန်)