Main menu

အင်ဒိုနီးရှားနှင့် အမေရိကန်အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ကြိုးပမ်း

Powered by Drupal

       အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်နိုင်ငံနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေး၊ ထောက်ပံ့ရေးကွင်းဆက်များ ခိုင်မာရေးနှင့် တန်ဖိုးမြှင့်ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရေး တို့အတွက် အပြန်အလှန်ကုန်သွယ်ရေးသဘောတူညီချက် (ART) မှတစ်ဆင့် စီးပွားရေး ဆက်ဆံမှုများ တိုးချဲ့ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

       ကမ္ဘာ့ဈေးကွက်အခြေအနေများ ပြောင်းလဲနေသော်လည်း အင်ဒိုနီးရှားနိုင်ငံသည် ကုန်သွယ်ရေးနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဆက်လက်ဖွင့်လှစ်ထားပြီး ပြည်တွင်း စက်မှုလုပ်ငန်းများ အားကောင်းလာစေရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ တိုးချဲ့နိုင်ရန် ပြည်တွင်းပြုပြင်ပြောင်းလဲမှုများကိုလည်း ဆက်လက်ဆောင်ရွက်နေကြောင်း ကုန်သွယ်ရေးဝန်ကြီး Budi Santoso က အောက်တိုဘာလ ၇ ရက်နေ့တွင်ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့ကြောင်း သိရသည်။

       ART သဘောတူညီချက်မူဘောင်သည် ဈေးကွက်အခြေအနေများအပေါ် ပိုမိုသေချာ မှုရှိစေရန်၊ ကုန်သွယ်ရေးဈေးကွက်ဝင်ရောက်ခွင့် တိုးတက်စေရန်နှင့် အင်ဒိုနီးရှားစက်မှု လုပ်ငန်းများကို ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များနှင့် ပိုမိုချိတ်ဆက်နိုင်ရန် ရည်ရွယ်ထားကြောင်း Budi Santoso က ပြောကြားခဲ့ကြောင်း သိရသည်။

      အင်ဒိုနီးရှားနိုင်ငံတွင် လူငယ်လုပ်သားအင်အား များပြားခြင်း၊ ထုတ်လုပ်မှုစွမ်းအားရှိသော လူဦးရေရှိခြင်းနှင့် သဘာဝသယံဇာတပေါကြွယ်ဝခြင်းတို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသည့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ အထူးသဖြင့် အစိုးရက စက်မှုကုန်ကြမ်းများကို ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်လုပ်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်တည်တံ့သော ထုတ်လုပ်မှုတို့ကို ဦးစားပေးဆောင်ရွက်နေချိန်တွင် ယင်းအားသာချက်များသည် ပိုမိုအရေးပါလာကြောင်း သိရသည်။

       အင်ဒို-ပစိဖိတ်ဒေသ၏ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှု တိုးမြင့်လာခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံသည် အဓိကဈေးကွက်တစ်ခုအဖြစ်သာမက ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်လုပ်ငန်းများအတွက် မဟာဗျူဟာမြောက် အချက်အချာနေရာတစ်ခုအဖြစ်ပါ ရပ်တည်လာကြောင်း Budi Santoso က ပြောကြားခဲ့ကြောင်း သိရသည်။

      အောက်တိုဘာ ၆ ရက် အင်္ဂါနေ့က Jakarta မြို့တွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် အမေရိကန်-အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး၌ စီးပွားရေးရာ ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto ကလည်း ART သဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်းသည် ဈေးကွက်ဝင်ရောက်ခွင့် တိုးချဲ့ရေးနှင့် ကုန်သွယ်ရေးအတားအဆီးများ လျှော့ချရေးတို့အတွက် အဓိကကျကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

      အမေရိကန်စီးပွားရေးအသိုက်အဝန်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ကာ မဟာဗျူဟာမြောက် အခွင့်အလမ်းများကို လက်တွေ့ရင်းနှီးမြှုပ်နှံမှုများအဖြစ် ပြောင်းလဲနိုင်ရန်နှင့် ပိုမိုခိုင်မာသည့် မိတ်ဖက်ဆက်ဆံရေးများ တည်ဆောက်နိုင်ရန် မျှော်လင့်ထားကြောင်း၊ ယင်းမှတစ်ဆင့် နှစ်နိုင်ငံစလုံး၏ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း Airlangga Hartarto က ပြောကြားခဲ့ကြောင်း သိရသည်။

        ထို့ပြင် ကမ္ဘာ့စီးပွားရေး မရေရာမှုများ ဆက်လက်ဖြစ်ပေါ်နေသည့်အခြေအနေတွင် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှု ရရှိစေရန်နှင့် နိုင်ငံ၏ စီးပွားရေးခံနိုင်ရည်အား ပိုမိုခိုင်မာစေရန် အမေရိကန်နိုင်ငံနှင့် စီးပွားရေးမိတ်ဖက်ဆက်ဆံမှုများ တိုးမြှင့်ပြီး တန်ဖိုးမြှင့်ရင်းနှီးမြှုပ်နှံမှုများကို အားပေးရန် လိုအပ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့ကြောင်း သိရသည်။

       နှစ်နိုင်ငံကုန်သွယ်ရေးဆက်ဆံမှုမှာလည်း တည်ငြိမ်စွာ တိုးတက်လာခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၏ အမေရိကန်နိုင်ငံသို့ ပို့ကုန်တန်ဖိုးသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၈၃ ဘီလီယံရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ၃၁ ဒသမ ၀၁ ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

        ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း အမေရိကန်နိုင်ငံသို့ အင်ဒိုနီးရှား၏ ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၁၅ ဒသမ ၈၅ ဘီလီယံရှိခဲ့ပြီး ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၈ ဒသမ ၅၆ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။

       အမေရိကန်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံ၏ အဓိကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရင်းမြစ် ငါးနိုင်ငံအနက် တစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း အမေရိကန်နိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ အမှန်တကယ်ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၂ ဘီလီယံရှိကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)