
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စားသုံးသူရေးရာဦးစီးဌာနမှ စာသုံးသူကာကွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲကို (၁၃-၁၀-၂၀၂၆)ရက်နေ့၊ နေ့လယ် ၁၃:၀၀နာရီအချိန်တွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော် ကောင်စီအတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ ပုဗ္ဗသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ် တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် မူပိုင်ခွင့်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ မျိုးမျိုးထိုက်နှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများ၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှတာဝန်ရှိသူများ တက် ရောက်ကြပါသည်။
ဦးစွာနေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက အမှာစကားပြောကြားရာ စားသုံးသူကာကွယ်ရေးဥပဒေသည် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် ပြည်ထောင်စုလွှတ်တော် အမှတ်(၉)ဖြင့် ပြဋ္ဌာန်းခဲ့သော ဥပဒေတစ်ရပ်ဖြစ်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက စီမံခန့်ခွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်သည့် ဥပဒေတစ်ရပ်ဖြစ်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေကို လက်တွေ့ကျင့်သုံးရာတွင် ထိရောက်မှုရှိ/မရှိ အခြေအနေအရပ်ရပ်ကို ပြန်လည် သုံးသပ်လျက်ရှိပါကြောင်း၊ ခေတ်စနစ်နှင့်လျော်ညီပြီး လက်တွေ့ကျင့်သုံးရာတွင် ပိုမို ထိရောက် မြန်ဆန်စွာ ဆောင်ရွက်နိုင်ဖို့အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း)ကို ရေးဆွဲရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် စားသုံးသူကာကွယ်ရေးဥပဒေကို ပြင်ဆင် သည့် ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်း အဖွဲ့များမှ ကိုယ်စားလှယ်များကို ဖိတ်ကြား၍ ရှင်းလင်းချပြ ဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ မူလဥပဒေတွင်ပါဝင်သော အဓိပ္ပာယ်ဖော်ပြချက် တစ်ခုချင်းစီ၏ အဓိပ္ပာယ်ဖွင့်ဆိုမှု အတိမ် အနက်အပေါ် မူတည်၍ ဥပဒေတစ်ရပ်လုံး၏ အသုံးချမှုနယ်ပယ် ပိုမိုကျယ်ပြန့်ခြင်း၊ စားသုံးသူ အခွင့်အရေးအတွက် ပိုမိုအကောင်အထည်ဖော်ဆောင်ရွက် နိုင်ခြင်းတို့ကိုလည်း သတိပြုစေလို ပါကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို ပိုမိုထိရောက် အောင်မြင်စေရန်အတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ အသင်း အဖွဲ့များနှင့် စားသုံးသူရေးရာ ကျွမ်းကျင်ပညာရှင်များ၏ ဝိုင်းဝန်း အကြံပြုချက် များသည် အလွန်ပင်အရေး ကြီးပါကြောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် ဥပဒေပြင်ဆင်မှုအပေါ် လိုအပ်ချက်များနှင့် အပြုသဘောဆောင်သည့် အကြံပြုချက် များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်း ဆွေးနွေးပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ယင်းနောက် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က စာသုံးသူကာကွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)အား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် နေပြည်တော်တိုင်းဦးစီးမှူး ဦးထွန်းထွန်းမှ နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ရှင်းလင်းဆွေးနွေးပွဲအား(၁၆:၃၀)အချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)
