
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်နေလင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၇.၁၀.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ဆိပ်ဖြူမြို့၊ ယောဝရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ရာ ဆရာ/ ဆရာမ(၉)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၀၅)ဦးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏သမိုင်းကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ယခု ဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ဒု-ဦးစီးမှူး ဒေါ်တင်မာရီက စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအကြောင်းကိုလည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးက လူငယ်များနှင့်ပတ်သက်၍ အသိပညာပေး သိကောင်းစရာများကိုလည်းကောင်း ဟောပြောခဲ့ပါသည်။ တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာပြန်လည်ဖြေကြားပေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
