Main menu

အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၇ ခုနှစ်တွင် တန်ချိန် ၂၄ သန်းအထိ ကျဆင်းသွားနိုင်

Powered by Drupal

      အယ်လ်နီညို (El Nino) ရာသီဥတု ဘေးအန္တရာယ်များ၊ စပါးစိုက်ပျိုးဧရိယာ လျော့နည်းလာ ခြင်းနှင့် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းတို့က ကုန်စည်ထောက်ပံ့မှုကို ခြိမ်းခြောက် နေသဖြင့် အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၂၇ ခုနှစ်တွင် အိန္ဒိယ၏ ဆန်တင်ပို့မှု ၄ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းထားသည်။

       အယ်လ်နီညို ခြိမ်းခြောက်မှု၊ စပါးစိုက်ဧက လျော့နည်းလာမှုနှင့် ပြည်တွင်းဆန်ဈေးများ မြင့်တက်လာမှုတို့ကြောင့် ပြည်ပသို့တင်ပို့နိုင်မည့် ဆန်ပမာဏကို ထိခိုက်စေနိုင်သဖြင့် ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့ဆန်ဈေးကွက်၌ အိန္ဒိယ၏ စိုးမိုးထားနိုင်မှုမှာ စိန်ခေါ်မှုနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။ USDA ၏ ခန့်မှန်းချက်အရ အိန္ဒိယ၏ ဆန်တင်ပို့မှုသည် ၄ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၂၄ သန်းအထိ လျော့ကျ သွားနိုင်ကြောင်း သိရသည်။

      Financial Express သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန၏ ကမ္ဘာ့ဈေးကွက် လေ့လာဆန်းစစ်ချက်တွင် ယခုလို ဆန်တင်ပို့မှု ကျဆင်းမည်ဟု ခန့်မှန်းရခြင်းမှာ တင်ပို့နိုင်သည့် ဆန်ပမာဏလျော့နည်းသွားခြင်းနှင့်အတူ ဆန်ကွဲနှင့် ဆန်ဖြူ တင်ပို့မှုလျှော့ချလိုက် ခြင်း၊ ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း သုံးသပ်ထားသည်။ အိန္ဒိယသည် ကမ္ဘာ့ဆန်တင်ပို့မှု စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေသောကြောင့် ၎င်း၏ ဆန်ထုတ်လုပ်မှုနှင့် တင်ပို့မှုအခြေအနေများသည် အပြည်ပြည်ဆိုင်ရာ ဆန်ထောက်ပံ့မှုနှင့် ဈေးနှုန်း များအတွက် လွန်စွာအရေးပါသည်။ အိန္ဒိယ၏ တင်ပို့မှုကျဆင်းသွားပါက ထိုင်းနှင့် ပါကစ္စတန် စသည့် အခြားအဓိကတင်ပို့သည့်နိုင်ငံများနှင့် ယှဉ်ပြိုင်ဝယ်ယူနေရသော ပြည်ပဝယ်လိုအားရှင်များကို ထိခိုက် စေနိုင်ပါသည်။

      တင်ပို့မှု လျော့ကျမည်ဟု မျှော်လင့်ရသည့် အဓိကအကြောင်းအရင်းမှာ ဆန်ထုတ်လုပ်မှု အလားအလာကြောင့်ဖြစ်သည်။ အယ်လ်နီညို ရာသီဥတုပုံစံ ပြင်းထန်လာပါက မုတ်သုံမိုးရွာသွန်းမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး စပါးစိုက်ပျိုးမှုနှင့် အထွက်နှုန်းအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင် သည်။ ပြင်းထန်သည့် အယ်လ်နီညိုရာသီဥတုကြောင့် မိုးခေါင်ရေရှားမှုတွေ ဖြစ်ပေါ်နေပြီး လက်ရှိ ကောက်ပဲသီးနှံ စိုက်ပျိုးသည့်နှစ် (၂၀၂၆-၂၀၂၇) မှာ အိန္ဒိယ၏ ဆန်ထုတ်လုပ်မှုသည် ၄.၅ ရာခိုင်နှုန်း လျော့ကျပြီး တန်ချိန် ၁၄၇ သန်းအထိ ကျဆင်းသွားနိုင်ကြောင်း ဆန်တင်ပို့ရေးနှင့် မာကတ်တင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Rice Villa ၏ ပူးတွဲတည်ထောင်သူနှင့် စီအီးအိုဖြစ်သူ Suraj Agarwal က FE သတင်းသို့ ပြောကြားခဲ့သည်။

      အိန္ဒိယသည် ၂၀၂၅-၂၀၂၆ ကောက်ပဲသီးနှံနှစ်တွင် ဆန်တန်ချိန် ၁၅၄ သန်း ထုတ်လုပ်နိုင်ခဲ့ ပြီး ကမ္ဘာ့အကြီးမားဆုံး ဆန်ထုတ်လုပ်သည့်နိုင်ငံ ဖြစ်လာခဲ့သည်။ ဆန်ထွက်ရှိမှု လျော့ကျသွားပါက ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပြီးနောက် ပြည်ပသို့ တင်ပို့ရန် ဆန်ပမာဏ နည်းပါးသွားမည် ဖြစ်သည်။ Agarwal က USDA သည် လာမည့်နှစ်အတွက် ကမ္ဘာ့ဆန်ကုန်သွယ်မှု ခန့်မှန်းချက်ကို တန်ချိန် ၁.၃ သန်း လျှော့ချလိုက်ကြောင်း၊ ယင်းက အပြည်ပြည်ဆိုင်ရာ ထောက်ပံ့မှုနှင့် ဈေးနှုန်း များကို ထိခိုက်စေနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

      ပြည်တွင်းဈေးကွက်တွင် ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းက ပြည်ပဝယ်ယူသူများအတွက် ကုန်ကျစရိတ်ကို မြင့်တက်စေပြီး တင်ပို့မှုကို ပိုမိုနှေးကွေး စေနိုင်ပါသည်။ အောက်တိုဘာ ၁၁ ရက် နေ့တွင် ပြည်တွင်းလက်လီဆန်ဈေးနှုန်းမှာ တစ်ကီလိုလျှင် ၄၆.၉၂ ရူပီး အထိ မြင့်တက်ခဲ့ပြီး လွန်ခဲ့ သည့်နှစ်ထက် ၁၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း FE က အစီရင်ခံခဲ့သည်။ ထုတ်လုပ်မှု လျော့ကျ ခြင်းနှင့် ပြည်တွင်းဈေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ဆန် တင်ပို့မှုများ နှေးကွေးသွားနိုင်ကြောင်း အဆိုပါသတင်းကဆိုသည်။

     သို့သော်လည်း အစိုးရတွင် ပြည်တွင်းထောက်ပံ့မှု ဖိအားများကို သက်သာစေနိုင်မည့် လက်ကျန်ဆန် အမြောက်အမြား ရှိနေသည်။ အောက်တိုဘာ ၁ ရက်နေ့တွင် ထိန်းသိမ်းထားရမည့် အစိုးရ၏ အရေးပေါ်လက်ကျန် ဆန်လိုအပ်ချက် တန်ချိန် ၁၀.၂၅ သန်း ဖြစ်သော်လည်း လက်ရှိတွင် လက်ကျန်ဆန် တန်ချိန် ၃၈ သန်းကျော် ရှိနေကြောင်း တာဝန်ရှိသူတစ်ဦးက FE သို့ ပြောကြားခဲ့ သည်။

      အစိုးရသည် ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန်အတွက် ဈေးကွက်ဖွင့်ရောင်းချရေး အစီ အစဉ် (Open Market Sale Scheme) အောက်မှ ဆန်များကို ထုတ်ရောင်းပေးရန် စီစဉ်နေသည်။ ယခုလို ထုတ်ရောင်းပေးခြင်းက ပြည်တွင်းဆန်ရရှိနိုင်မှုကို တိုးတက်စေနိုင်သော်လည်း ဈေးနှုန်းအပေါ် သက်ရောက်မှုမှာ သမားရိုးကျဝယ်လိုအားနှင့် ရောင်းလိုအား အရှိန်အဟုန်ပေါ်တွင် မူတည်လိမ့်မည် ဖြစ်သည်။ ဆန်တင်ပို့မှု အခြေအနေများမှာ စိန်ခေါ်မှုများရှိနေသော်လည်း အိန္ဒိယ၏ ဆန်တင်ပို့မှု ဝင်ငွေမှာမူ ဆက်လက်တိုးတက်နေသည်။

       အိန္ဒိယအနေဖြင့် မရေရာသော မိုးလေဝသအခြေအနေများ၊ စပါးစိုက်ဧကလျော့နည်းလာ ခြင်းနှင့် ပြည်တွင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းစသည့် ဘက်ပေါင်းစုံမှ ဖိအားများနှင့် ရင်ဆိုင် နေရချိန်တွင် ဆန်တင်ပို့မှုလျော့ကျမည်ဟူသော ခန့်မှန်းချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ အစိုးရ၏လက်ကျန်ဆန်များကို ထုတ်ရောင်းပေးခြင်းက ပြည်တွင်းဈေးနှုန်းများကို ထိန်းချုပ်ရန် ကူညီ ပေးနိုင်သော်လည်း ပြည်ပဈေးကွက်သို့ ဆန်မည်မျှ တင်ပို့နိုင်မည်ဆိုသည်ကို မူလဆန် ထုတ်လုပ်မှု အလားအလာကသာ အဓိက အဆုံးအဖြတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

Source: Firstpost, 12 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)