
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော မိုးနှမ်းသီးနှံကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၃၁၅၄) ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၃၃)ဧက ၊ မြစ်သားမြို့နယ်တွင် (၄၂၀၃)ဧက ၊ စုစုပေါင်း(၇၅၉၀)ဧက စိုက်ပျိုးထားရှိပြီး မြစ်သားမြို့နယ်တွင်(၄၂၀၃)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန ၏စာရင်းများအရသိရှိရပါသည်။ နှမ်းစိုက်ပျိုးမှုအနေဖြင့် ဘောင်ကြောင်းပေးစနစ် ၊ ပတ်ကြဲစနစ်ဖြင့် စိုက်ပျိုးကြပြီး အများဆုံး စိုက်ပျိုးသော မျိုးများမှာ နှမ်းညို နှင့် နှမ်းနက် မျိုးများကိုစိုက်ပျိုးကြပါသည်။ (၁)ဧက စိုက်ပျိုးမှုအနေဖြင့် နှမ်းမျိုး ၁ပြည်လျှင်(၈၅၀၀-၁၀၀၀၀)ကျပ် အထိပေးဝယ်ရကြောင်း ၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၆၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း ၊ (၁)ဧကမျိုး(၂-၃)ပြည် စိုက်ပျိုးရကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေ ဖြင့်(၉-၁၀)တင်းခန့်ထွက်ရှိကြောင်း၊နှမ်းစျေးနှုန်းအနေဖြင့် စက်တင်ဘာလတွင် နှမ်းဖြူ တစ်တင်းလျှင် (၁၅၂၀၀၀/-)ကျပ်၊ နှမ်းညိုတစ်တင်းလျှင်(၁၄၀၀၀၀/-)ကျပ် ၊ နှမ်းနက်တစ်တင်းလျှင် (၁၄၀၀၀၀/-) ကျပ်စျေးနှုန်းများရှိခဲ့ပြီး ယခု အောက်တိုဘာလ ဒုတိယပတ်တွင် နှမ်းဖြူ တစ်တင်းလျှင်(၁၆၅၀၀၀/-) ကျပ်၊ နှမ်းညိုတစ်တင်းလျှင်(၁၆၀၀၀၀/-)ကျပ် ၊ နှမ်းနက်တစ်တင်းလျှင် (၁၆၀၀၀၀/-)ကျပ် စျေးနှုန်း များဖြင့် ရောင်းဝယ်လျက်ရှိပြီး ယခင်လ နှင့် ယခုအပတ်နှိုင်းယှဉ်ပါက စျေးနှုန်းများမြင့်တက်လျက်ရှိ ကြောင်း ၊ နှမ်းဆီ ၁ပိဿာလျှင်(၂၂၀၀၀/-)ကျပ် ၊ နှမ်းဖက်(၁)ပိဿာလျှင်(၄၉၀၀/-)ကျပ် စျေးနှုန်းများ ဖြင့်ရောင်းဝယ်လျက်ရှိကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၈၄၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် မြတ်ကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။ ကုန်သွယ်ရောင်းဝယ်မှု အနေဖြင့် နှမ်းသီးနှံထွက်ပေါ်ချိန်တွင် တောင်သူများမှ နီးစပ်ရာ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်သွားရောက် ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည်။
DOCA(မန္တလေး)
