
နေကြာသီးနှံသည် မြန်မာနိုင်ငံတွင် စားသုံးဆီဖူလုံရေးအတွက် အဓိကစိုက်ပျိုးကြသည့် အရေးပါသော ဆီထွက်သီးနှံတစ်မျိုးဖြစ်ကြောင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၏ မိုးကောင်း သောက်ယာမြေများတွင် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ဆီထွက် သီးနှံတစ်မျိုးဖြစ်သော မိုးနေကြာ သီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ မိုးနေကြာကို မေလနှင့် ဇွန်လတို့တွင်စိုက်ပျိုးပြီး စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ တောင်သာမြို့နယ် မိုးနေကြာစိုက်ပျိုးမှုအနေဖြင့် ၂၀၂၆-၂၀၂၇ခုနှစ်၌ လျာထား (၄၇၅) ဧကတွင် အမှန်စိုက်ပျိုး ထားရှိမှု (၅၀၂)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ တစ်ဧကအနေဖြင့် မျိုး(၄-၅) ပြည်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးသော မျိုးများမှာ ဆင်းရွှေကြာ မျိုး-၁၊ ဆင်းရွှေကြာမျိုး-၂ မျိုးများကိုအများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးနည်းမှာ ဘောင်ကြောင်းပေးစနစ်နှင့် ပတ်ကြဲ စိုက်ပျိုးစနစ်ဖြင့် (၂)မျိုးလုံး စိုက်ပျိုးကြကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၅၃၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၂၄) တင်းခန့် ထွက်ရှိကြောင်း၊ ယခင် နှစ်ထွက်ပေါ်ချိန်တွင် နေကြာတစ်တင်းလျှင် (၆၅၀၀၀) ကျပ်ခန့် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဒေသတွင်း နေကြာဆီ တစ်ပိဿာလျှင် (၂၁၀၀၀) ကျပ်ခန့် ဈေးနှုန်းများရှိကြောင်း၊ ယခင်နှစ်တစ်ဧက အကျိုးအမြတ်အနေဖြင့် (၅၀၀၀၀၀)ကျပ်ခန့် ရရှိကြောင်း၊ သီးနှံပေါ်ချိန်တွင် တောင်သူများမှ ဒေသတွင်းရှိပွဲရုံများနှင့် မန္တလေးမြို့သို့ အဓိကတင်ပို့ကြောင်း၊ တောင်သာမြို့နယ်အနေဖြင့် မိုးနေကြာများကို အောက်တိုဘာလကုန်တွင် စတင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ မိုးနေကြာသီးနှံ များကို တောင်သာမြို့နယ်အတွင်းရှိ သံဘိုရွာ၊ ကန်သာယာ ရွာ၊ အေးရွာ၊ အင်တဲရွာ၊ ထနောင်းကုန်း ရွာနှင့် မင်းရင်ရွာတို့တွင် စိုက်ပျိုးထားကြောင်း၊ တောင်သူများအတွက် ကုန်ကျစရိတ်သက်သာ၍ အကျိုးအမြတ်ရရှိပြီး ဆီထွက်သီးနှံဖူလုံစေရန် ကျန်းမာရေးနှင့် သင့်တော်သော နေကြာသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း နေကြာစိုက် တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။
DOCa(မန္တလေး)
