Main menu

သက်မွေးပညာကြိုးစားရှာ မြှင့်တင်ရမည့်လူမှုဘဝ

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ “ဆေးရေးနှင့်ပန်းပုံရိုက် အခြေခံသင်တန်း”အား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

     အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်၏ ရည်မှန်းချက်တစ်ခုဖြစ်သော “အန္တရာယ်ရှိသော အလုပ်နှင့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေး အလုပ်သမားများဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာ သင်တန်းများ တက်ရောက်နိုင်ရေးဆောင်ရွက်ရန်”ဟု ပါရှိတဲ့အတွက် ယနေ့ခေတ်လူငယ်များ အတွက်ထိရောက်မှုရှိပြီးအလုပ်အကိုင်ဈေးကွက်များရှိတဲ့ သင်တန်းများဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ အရွယ်ရောက်ပြီးသောလူငယ်တိုင်းကျွမ်းကျင်မှုအတတ်ပညာတစ်ခုကို သင်ယူတတ်မြောက်စေလို သည့်ဆန္ဒဖြင့် မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့်ပူးပေါင်း၍ လူငယ်များ၏ အသက်မွေးဝမ်းကျောင်းအတွက် တိုင်းဒေသကြီးမှလည်း ငွေကြေးနှင့်အခြားလိုအပ်ချက်များကိုလည်း  တတ်နိုင်သရွေ့ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာနှစ်အတွင်း သက်မွေးပညာသင်တန်း (၄)ကြိမ်ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်း သက်မွေး ပညာသင်တန်း (၅)ကြိမ်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုလည်း လက်မှုပညာရပ်တစ်ခုဖြစ်သည့် ဆေးရေးနှင့်ပန်းပုံရိုက်အခြေခံသင်တန်းမှာလည်း မန္တလေးမြို့၏ ရိုးရာအတတ်ပညာတစ်ခု ဖြစ်တဲ့အတွက် အသက်မွေးဝမ်းကြောင်းပြုနိုင်ရန် ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အခြေခံအဆင့်ကိုတက်ရောက်မည့် သင်တန်းသားများ အနေ ဖြင့် အခြေခံအဆင့်မှတစ်ဆင့် ကျွမ်းကျင်သည့် အဆင့်ထိရောက်ရှိအောင် ကြိုးစားကြစေလိုကြောင်း၊မိမိ၏လုပ်ငန်းခွင်တွင် အထောက်အကူဖြစ်ပြီး မိမိကိုယ်တိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင် နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

        ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၊ ဒုတိယကျောင်းအုပ်ကြီးမှ ယခုကာလကို ဖွင့်လှစ်မည့်ဆေးရေးနှင့် ပန်းပုံရိုက်အခြေခံသင်တန်းသည် လွန်ခဲ့သော(၁၀)နှစ်ခန့်က အလွန် အောင်မြင် ခဲ့သည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ အမရပူရမြို့နယ်ရှိ အမျိုးသမီးငယ်အများစုမှာ ရက်ကန်းစင်မှ ချသည့်အထည်များပေါ်တွင် ဈေးနှုန်းမြင့်မားသည့် လွန်းရာကျော်ချိတ်အဆင်များ၊ အတိုင်းတန်ဆာဆင်သည့်လုပ်ငန်းများ၊အထည်ဆေးရေးခြယ်သည့်လုပ်ငန်းများလုပ်ကိုင်ခဲ့ပါကြောင်း၊ အချိန်အတိုင်း အတာတစ်ခုထိ အောင်မြင်တွင်ကျယ်ခဲ့ရာမှ တဖြေးဖြေးမှေးမှိန်လာခဲ့ပြီး၊ ယခုအချိန်တွင် (Souvenir shops) အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင် များပြားလာခြင်း၊ လူအများက Hand made ပစ္စည်းများနှစ်သက်လာကြခြင်းများကြောင့် ဆေးရေးနှင့်ပန်းပုံရိုက် လုပ်ငန်းများ ပြန်လည်ဦးမော့လာ ခဲ့ကြောင်း၊ ဆေးရေးနှင့်ပန်းပုံရိုက်သင်တန်းသို့ တက်ရောက်သူများပါကြောင်း၊ အများစုမှာ အဝတ်အစားချုပ်လုပ်ရောင်းချသည့် ဒီဇိုင်နာများ၊ Hand made ပြုလုပ်ရောင်းချသည့်လုပ်ငန်းရှင်များလည်းတက်ရောက်ကြပါကြောင်း၊လုပ်ငန်းရှင်ထုတ်လုပ်သူများမှ အလုပ်သမားအများစုကို ငှားရမ်း၍ လုပ်ကိုင်ရခြင်းကြောင့် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင်များမှသော်လည်းကောင်း၊ ကိုယ်တိုင်တတ်ကျွမ်းမှသာ လုပ်ငန်းဆောင်ရွက်ရာ၌ တွင်ကျယ်မှု၊ ကျွမ်းကျင်မှုများရှိလာရန် တက်ရောက်ကြခြင်းဖြစ်ကြောင်း၊ အဝတ်အထည် တစ်ခုလုံး အပေါ်မှာ ဆေးရေး၊ ပန်းပုံရိုက်ခြင်း မဟုတ်ဘဲ အဝတ်အစားချုပ်သည့်အပေါ်တွင် တစ်စိတ်တစ်ဒေသသာ ရေးခြယ်ခြင်း၊ အမှတ်တရအိတ်များပေါ်တွင် ရေးခြယ်ခြင်း၊ ရာသီအလိုက် ပန်းများ၊ ဒေသအလိုက် သင်္ကေတများ၊ အသေးအမွှားပစ္စည်း ကအစ ထုတ်လုပ်လာနိုင်တဲ့ ပညာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

  မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း လျာထားချက်များ ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၊ ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်း(၁)ကြိမ်၊စက်ချုပ်အဆင့်မြင့်သင်တန်း(၁)ကြိမ်၊ ဆံပင်မိတ်ကပ် အလှပြင်သင်တန်(၁)ကြိမ်၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းလုပ်ငန်း(၁)ကြိမ်၊ သဘာဝဆေးဆိုးသင်တန်း(၁)ကြိမ်၊စုစုပေါင်း(၅)ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား/သူ (၁၁၂)ဦးတက်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိခဲ့ပြီးဖြစ်ပါသည်။ ယခုဖွင့်လှစ်သည့် ဆေးရေးနှင့် ပန်းပုံရိုက်အခြေခံသင်တန်းအား တစ်ပတ်ကြာဖွင့်လှစ်သွား မည်ဖြစ်ပြီး သင်တန်းသူ (၂၀)ဦး တက်ရောက်သွားမည်ဖြစ်ပါသည်။

      ယခုကဲ့သို့ သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် လူငယ်များ၏ အသက်မွေးဝမ်း ကျောင်းမှုကို အထောက်အကူဖြစ်သကဲ့သို့ တိုင်းဒေသကြီး၏ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့နည်းပပျောက်ရေးကို အထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်းနှင့် သက်မွေး ပညာသင်တန်းတက်ရောက်ခဲ့သည့် လူငယ်များအနေဖြင့် လုပ်ငန်းအပေါ်တွင် တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုကြောင့် ဝင်ငွေများရရှိလာခြင်း၊ စားဝတ်နေရေး ပိုမိုအဆင်ပြေကာ မိမိတို့၏ လူနေမှုဘဝမြင့်တက်လာပြီး ကိုယ်ပိုင်တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)