Main menu

ကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ခေတ်မီသတင်းဆက်သွယ်ရေး နည်းပညာအသုံးပြု၍ ဆောင်ရွက်ခြင်း

Powered by Drupal

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အမျိုးသားအကျိုးစီးပွား တိုးတက်မြင့်မားရေးအတွက် ထိရောက်သော ကုန်သွယ်ရေးမူဝါဒ(၆)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ (၁)ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ အားလုံးပါဝင်ခွင့်ရှိသော တီထွင် ဆန်းသစ်မှုရှိသည့် စဉ်ဆက်မပြတ် တိုးတက်မှု ရယူနိုင်စွမ်းရှိသည့် ကုန်သွယ်မှုစနစ်ဖြစ်စေရန်၊ (၂) ပို့ကုန်တိုးချဲ့မြှင့်တင်ရေး ဆောင်ရွက်နိုင်ရန်နှင့် ကုန်သွယ် မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေး  (၃) ဒေသတွင်း နိုင်ငံများနှင့်သာမက နိုင်ငံတကာနှင့် ပူးပေါင်း၍ ကုန်သွယ်မှုတိုးချဲ့ရေး၊ (၄) ကုန်သွယ်မှုပတ်ဝန်းကျင်ကောင်းတိုးတက်ကောင်းမွန်ရန်နှင့် ပုဂ္ဂလိကကဏ္ဍ စွမ်းဆောင်ရည် မြှင့်တင်ရေး ဆောင်ရွက်ရန်၊ (၅)ပြည်တွင်း စားသုံးမှုနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သော အရေးကြီးကုန်စည်များ ဖူလုံရေးအတွက် ကုန်သွယ်မှု ရှုထောင့်ဖြင့် ထိန်းညှိဆောင်ရွက်ရန်၊ (၆) နိုင်ငံတော် ၏ စီးပွားရေး၊ လူမှုရေးသိပ္ပံနှင့် ယဉ်ကျေးမှုကဏ္ဍ များကို ဖွံ့ဖြိုးတိုးတက်စေနိုင်သော တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများကို မြင့်မားတိုး တက်လာစေမည့် မူပိုင်ခွင့်စနစ်တစ်ရပ် တည်ထောင်ရန်စသည့် အချက်များကို ဒေသအသီးသီးတွင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

          ကုန်သွယ်မှုကဏ္ဍ၌ ပြည်တွင်းမှထွက်ရှိသည့် လယ်ယာထွက်ကုန်သီးနှံများအပါအဝင် အခြေခံစားသောက်ကုန်များ၊ ပြည်ပပို့ကုန်ပစ္စည်းစာရင်းများကို နေ့စဉ်ကောက်ခံ၍ စနစ်တကျ ထည့်သွင်းထားရှိပြီး   လိုအပ်သည့်အချိန်တွင် အလွယ်တကူရှာဖွေနိုင်ရန်နှင့် စာရင်းဇယား(Report) များ ထုတ်ယူနိုင်ရန်အတွက် ကုန်ဈေးနှုန်း အချက်အလက်များ ထိန်းသိမ်းခြင်းဆိုင်ရာ ဆော့ဖ်ဝဲ (Commodity Price Database Software)ကို စမ်းသပ်အသုံးပြုလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း လွန်ခဲ့သည့် (၄/၅)နှစ်ခန့်မှစ၍ Online Websiteများ၊ Facebook လူမှုကွန်ရက်၊ အင်တာနက်သုံးစွဲမှုများ များပြားလာပြီး လူထုအတွင်းကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ခဲ့ပါသည်။ Online Shopping လုပ်ငန်းများလည်း ကျယ်ပြန့်များပြားလာခဲ့ပါသည်။

         Mobile Banking နည်းပညာများလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာပါသည်။ နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီ၊ လက်ကားရောင်းချခွင့်ပြုခြင်း၊ စီးပွားရေးနှင့် သက်ဆိုင်သော ဌာန/ အဖွဲ့အစည်းများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ ဘဏ်ရုံးခွဲများနှင့် အခြားစီးပွားရေး လုပ်ငန်းအသီးသီးတို့တွင် စီးပွားရေးလုပ်ငန်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန်၊ တိုးတက်မှုများ ရရှိနိုင်စေရန်အတွက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာအထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ကျောက်ဖြူ၊ ထားဝယ်၊ သီလဝါဟူ၍ ဇုန်(၃)ဇုန် တာဝန်ထား ဆောင်ရွက်လျက်ရှိပြီး တောင်သူလယ်သမားများ နည်းပညာ အပြည့်အဝရရှိစေရေး၊ သွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာများ လွယ်ကူလျင်မြန်စွာ ပံ့ပိုးပေးနိုင်ရေးနှင့် လယ်ယာထုတ်ကုန်များ ရောင်းချရာတွင် သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်းရရှိရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၊ ဆန်စပါးဝယ်ယူရေးကြီးကြပ်မှု လုပ်ငန်းအဖွဲ့၊ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ် အကြံပြု တင်ပြရေးလုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်များတွင် အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒဖြင့် ကာလတို/ ကာလရှည်လုပ်ငန်း စီမံကိန်းများ၊ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ဒေသန္တရဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။

         ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုအတွက် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ၊ လုပ်ငန်းစဉ်များနှင့်အညီစနစ်တကျထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထု၏လူမှုစီးပွားရေး ဘဝမြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လက်ရှိအခြေအနေနှင့် ကိုက်ညီသည့်အခွင့်အလမ်းများ၊ နည်းလမ်းသစ်များကို ရှာဖွေဖော်ထုတ်နိုင်ရန်၊ လူမှုစီးပွားရေးကို အကျိုးပြုမည့် သတင်းအချက်အလက်နှင့် စီးပွားရေးအခြေအနေများကို Website များတွင် ဖော်ပြနိုင်ရန်၊ တစ်ရွာထုတ်ကုန်တစ်မျိုး ထွက်ကုန်များကိုလေ့လာပြုစု၍ ရှေ့အလားအလာကောင်း ရှိနိုင်သော စီးပွားရေးဆိုင်ရာအခြေအနေများ၊ အချက်အလက်များကို ပြည်သူများထံခေတ်မီ ဆက်သွယ်ရေး၊ နည်းပညာအသုံးပြု၍  သတင်းပေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ့အကျိုးကို တစ်ထောင့်တစ်နေရာမှပါဝင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(ရန်ကုန်)