စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့်တားမြစ်ချက်များ၊ စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန်ရည်ရွယ်၍ (၁၉-၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်နှင့် (၂၃-၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၃၀) အချိန်တွင် ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးနှင့် ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ပခုက္ကူမြို့ပေါ်၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးစဉ်က တွေ့ရှိခဲ့သော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသည့် စားသောက်ကုန်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာပါဝင်နိုင်ရေးအတွက် ပခုက္ကူမြို့ရှိ စားသောက်ကုန်ထုတ်လုပ်ရောင်းချလျက်ရှိသော လုပ်ငန်းရှင်(၈)ဦးထံသို့သွားရောက်၍ တွေ့ဆုံဆွေးနွေး၍ အသိပညာပေးခဲ့ပါသည်။
ဦးစီးအရာရှိ ဒေါ်မွန်မွန်စိုးက ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းဖြင့် ဈေးကွက်အတွင်းရှိ မိမိတို့ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ အာမခံချက်ပေးခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် ယုံကြည်မှုများရရှိလာပြီး အကျိုးစီးပွားများပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) ပါ ကုန်စည်အုပ်စု (က) ရှိအစားအသောက်တွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း သိရှိလိုက်နာစေရန်ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များအား ပြုလုပ်ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုမရှိသည့် ကုန်စည်များတွေ့ရှိလာပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။
DOCA(မကွေး)