စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၄-၁-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့ နယ် ဆယ်ရွာကျေးရွာ၊ အ-မ-က (၅၆) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ (၇၀) ဦး၊ကျောင်းသားမိဘ (၆၅) ဦးနှင့် ဆရာ/ဆရာမ (၈) ဦး၊ စုစုပေါင်း (၁၄၃) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်ခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက ဌာန၏သမိုင်းကြောင်း၊ ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ယခုဌာနက ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေး၊ စားသုံးသူ၊ ကုန်စည်၊ ဝန်ဆောင်မှုများ၏အဓိပ္ပါယ်များအား ရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေး အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ထည့်သွင်းဖော်ပြရမည့် အချက်(၈)ချက်အား တက်ရောက်လာသည့် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘပြည်သူများအား ရှင်းလင်းလွယ်ကူသိသာစေရန် နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းခဲ့ပြီး ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူ၊ စားသောက်၊ ရောင်းချခြင်းမပြုသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှသာလျှင် ရောင်းချစေချင်၊ သုံးစွဲစေလိုကြောင်း၊ စားသုံးသူမိဘပြည်သူများက တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စားသုံးသူမိဘပြည်သူများကို အသိပညာပေးခြင်းသာမက လုပ်ငန်းရှင်များထံသို့ပါ ကုန်အညွှန်းအမှတ်အသားတွင် ထည့်သွင်းရမည့်အချက်များပါဝင်နိုင်ရေး ဌာနမှသွားရောက်ဆွေးနွေးအသိပညာပေးကြောင်း၊ သို့မှသာ ကုန်ပစ္စည်းများတွင် ထည့်သွင်းရမည့်အချက်များပါဝင်လာပြီး စားသုံးသူများအတွက် လုံခြုံစိတ်ချရသည့် ကုန်ပစ္စည်းများထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သို့မှသာ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်မည်ဖြစ်ကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဒုဦးစီးမှူး ဒေါ်ပပရွှေက အခန်း (၉) ပါ စားသုံးသူများရရှိသည့်အခွင့်အရေး (၈) ချက်ကို စားသုံးသူပြည်သူများ သိရှိနားလည်စေရန် ဥပမာများဖြင့် ရှင်းလင်းခြင်းနှင့် လိုက်နာရမည့်တာဝန်များကို ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေးများကိုသိရှိမှသာ မိမိတို့အခွင့်အရေးများကို တောင်းခံနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများလိုက်နာရမည့် တာဝန်များကိုလည်း တိတိကျကျလိုက်နာရန် လိုအပ်ကြောင်းများကိုလည်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးက မိဘပြည်သူများသည် အခွင့်အရေးများကိုသိရှိပြီး နစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ ၎င်းရုံးများတွင် တိုင်ကြားနိုင်ကြောင်း၊ ထို့အပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Mobile Application တွင်လည်းကောင်း၊ Consumer Call Center (1535) တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်း၊ တက်ရောက်လာသည့် မိဘပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)