စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဌာနခွဲစာရေး ဒေါ်ဝါဝါကြည်တို့သည် (၂၄-၁-၂၀၂၃)ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ ပိုမိုတိုးပွားစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရယူသုံးစွဲနိုင်စေရန်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များကို သိရှိစေရန်ရည်ရွယ်၍ ပခုက္ကူမြို့နယ်၊ ကျွန်းဦးကျေးရွာ၊ (အ-မ-က)ကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စာသင်ကျောင်းမှ ဆရာ/ဆရာမ (၄) ဦးနှင့် ကျောင်းသား/ကျောင်းသူ(၄၃)ဦးနှင့် မိဘပြည်သူ (၉)ဦး စုစုပေါင်း (၅၆) ဦးတက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ဦးစီးမှူး ဦးဇော်ထွန်းဦးက ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ စားသုံးသူများ၏အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းထားကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာပါက ထုတ်လုပ်သူရော စားသုံးသူပါ လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားများဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာကိုလည်း ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)အား ဖွင့်လှစ်ထားကြောင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကိုလည်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။
ဌာနခွဲစာရေး ဒေါ်ဝါဝါကြည်က ဆွေးနွေးရာတွင် စားသုံးသူ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့ဝယ်ယူ သည့်ကုန်စည်များတွင် အာမခံချက်ပေးထားမှုများပါရှိပါက အာမခံမှုအပေါ် တောင်းဆိုနိုင်သည့်အခွင့်ရေးများကို သိရှိစေရန်နှင့် အခွင့်အရေးချိုးဖောက်ခံရပါက မှန်ကန်ပြည့်စုံသည့်အထောက်အထားများနှင့်အတူ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် လာရောက်တိုင်ကြားခြင်းဖြင့်ကုစားမှုများ ပေးနိုင်မည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဟောပြောဆွေးနွေးမှုများအား ဦးစီးမှူး ဦးဇော်ထွန်းဦးက ပြန်လည်ဆွေးနွေးခြင်းနှင့် မိဘပြည်သူများက သိရှိလိုသည်များ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခြင်း၊ ဟောပြောမှုအား နားလည် မှုစွမ်းရည်မေးမြန်းခြင်းနှင့် စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA( မကွေး)