Main menu

မင်းဘူးမြို့၌ မုန့်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်း‌ ဖော်ပြပေးရေး အသိပညာပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး  ဦးမြင့်ကြည်(မြို့နယ်တာဝန်ခံ)နှင့် ဝန်ထမ်းများသည်(၂၈-၁-၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် အမှတ်(၄)ရပ်ကွက်ရှိ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သော “အောင်မြင်သူ” ပဲကိတ်၊ လမုန့်၊ ဆီကြော်မုန့်၊ ပေါင်မုန့်နှင့် ကိတ်မုန့်ထုတ်လုပ်သည့်လုပ်ငန်းရှင်သို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေပြီး မိမိတို့လုပ်ငန်းများတွင်လည်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေပြီး အကျိုးစီးပွားအောင်မြင်ဖြစ်ထွန်းစေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    ဒု-ခရိုင်ဦးစီးမှူး  ဦးမြင့်ကြည်(မြို့နယ်တာဝန်ခံ)က ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန် များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောထုတ်ကုန်များအား စားသုံးသူကာကွယ်ရေးဥပဒေအရ ဈေးကွက် အတွင်းမှ လျော့နည်းပပျောက်သွားစေရန် စောင့်ကြည့်စစ်ဆေးအရေးယူသွားမည်ဖြစ်သောကြောင့် တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်းကြားချက်(၂/၂၀၁၉)လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ပါသည်။

     “အောင်မြင်သူ”မုန့်လုပ်ငန်းကို လုပ်ကိုင်နေသည်မှာ (၁၅)နှစ်ရှိပြီဖြစ်ကြောင်း၊ အလုပ်သမား (၇)ဦးရှိကာ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်ပြီး မုန့်(၆)မျိုး (၇)မျိုးခန့်ပြုလုပ်ပါကြောင်း၊ အဓိကအနေဖြင့် ပဲကိတ်နှင့် လမုန့်များကိုဦးစားပေးပြုလုပ်၍ ရောင်းချပါကြောင်း၊ မုန့်များကို မင်းဘူးမြို့ရှိ ဈေးဆိုင်များသို့ အဓိကထားပို့ရပြီး၊ စကုမြို့၊ လယ်ကိုင်း၊ ပွင့်ဖြူမြို့နယ်နှင့် လေးပင်ရွာစသည့် အနီးအနားရှိမြို့များသို့လည်းပို့ရပါကြောင်း၊ ယခုကာလသည် ဈေးနှုန်းများအဆမတန်မြင့်တက်နေမှုကြောင့် အကျိုးအမြတ်များစွာမရရှိဘဲ မိသားစုစားဝတ်နေရေးအဆင်ပြေရုံသာ ကျန်ရှိပါကြောင်း လုပ်ငန်းရှင် ဦးသိန်းဇော်၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မကွေး)