ကုလားပဲသီးနှံသည် ပြည်တွင်း၌ စိုက်ပျိုးနေသည့် ပဲမျိုးစုံအနက်အရေးကြီးသီးနှံတစ်ခုဖြစ်ပြီး အသားဓါတ်(ပရိုတင်း)နှင့် ကစီဓါတ်ပါဝင်မှုနှုန်း မြင့်မားခြင်းကြောင့် ပြည်တွင်းစားသုံးမှုအတွက် အရေးပါသလို ပြည်ပတင်ပို့ရသော သီးနှံလည်း ဖြစ်ပါသည်။ ကုလားပဲကို အလွယ်တကူဝယ်ယူရရှိ နိုင်သလို အမဲသားနှင့် ကုလားပဲမှာ တူညီသောအဟာရဓါတ် ပါရှိသောကြောင့် သက်သက်လွတ် အမြဲ စားသူတွေအနေဖြင့် ကုလားပဲကို မဖြစ်မနေစားပေးသင့်ပါကြောင်း လေ့လာသိရှိရပါသည်။ စစ်ကိုင်း တိုင်းဒေသကြီးသည် ကုန်လမ်း၊ ရေလမ်းများဆုံရာ ဒေသဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီးဒေသအတွင်းမှ ထွက်ရှိသော ဒေသထွက်ကုန်များဖြစ်သည့် ဆန်၊ စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ များကို ရန်ကုန်၊ မန္တလေးနှင့် ပခုက္ကူသို့ တင်ပို့ရောင်းချလျက်ရှိပြီး ပြည်ပဈေးကွက်တွင်လည်း အရေးပါသည့် ပဲတစ်မျိုးလည်း ဖြစ်ပါသည်။
ကုလားပဲသီးနှံကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမှုများပြားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်လျာထားချက်မှာ ၄၁၇,၃၀၀ ဧကရှိပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ယင်းမာပင်ခရိုင်တွင် ၁၃၉,၁၉၅ ဧက၊ မုံရွာခရိုင်တွင် ၁၀၂,၈၄၈ ဧက၊ ရွှေဘိုခရိုင်တွင် ၆၄,၃၀၄ ဧက၊ စစ်ကိုင်းခရိုင်တွင် ၄၈,၆၈၉ ဧက၊ ရေဦးခရိုင်တွင် ၄၀,၂၅၃ ဧကနှင့် ကျန်ခရိုင်များတွင် ၂၀,၆၇၈ ဧက စုစုပေါင်း ၄၁၅,၉၆၇ ဧက စိုက်ပျိုးပြီးဖြစ်ရာ လျာထားချက်အပေါ် (၉၉.၆၈) ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းအရသိရှိရပါသည်။
မြန်မာနိုင်ငံတွင် အစိုက်အများဆုံး ကုလားပဲမျိုးများမှာ ရေဆင်း-၁၂(၈၅-၉၀)ရက်သား၊ ရေဆင်း-၁၁(၉၀-၉၅)ရက်သား၊ ရေဆင်း-၉(၉၅-၁၀၀)ရက်သား၊ ရေဆင်း-၈(၉၅-၁၀၀)ရက်သား၊ ရေဆင်း-၆ (၆၅-၁၀၀)ရက်သား၊ ရွှေနီလုံးကြား(၉၅-၁၀၀)ရက်သားတို့ရှိသည့်အနက် စစ်ကိုင်းတိုင်းဒေသကြီးတွင် 929၊ V3V7နှင့် V2 မျိးများကို အဓိကထား စိုက်ပျိုးကြပါသည်။
ကုလားပဲသီးနှံများကို အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လများတွင် ပေါ်ထွက်ပါသည်။ ယခင်နှစ် ကုလားပဲသီးနှံများ စတင်ထွက်ပေါ်ချိန် နိုဝင်ဘာ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် သုံးတင်းဝင်တစ်အိတ်ကို ပျမ်းမျှငွေကျပ် ၁၂၀,၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ ဈေးနှုန်းဆက်လက်မြင့်တက်ခဲ့သည့်အတွက် စိုက်ပျိုးသူများလာပါကြောင်း၊ လက်ရှိ ကုလားပဲမျိုးစုံ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၈၆,၀၀၀ ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်း သတင်းအရသိရပါသည်။
ကုလားပဲသီးနှံကို ပြုတ်စားခြင်း၊ လှော်စားခြင်း၊ ပဲခြမ်းပြုလုပ်၍ ချက်စားခြင်း၊ ကြော်စားခြင်း၊ အမှုန့်များပြုလုပ်၍ အမျိုးမျိုးပြုလုပ်ရောင်းချခြင်းများ ပြုလုပ်ကြပါသည်။ အရသာမှာ ချိုစိမ့်ပြီးနှုတ်ကိုမြိန်စေလျက် ခွန်အားကိုဖြစ်စေပါသည်။ ပြည်တွင်းထွက်ရှိသော ပဲမျိုးစုံအနက် ကုလားပဲမှာ လူကြိုက်များပြီး စားသုံးမှုအမြင့်ဆုံးဖြစ်ပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍကို အားပေးဆောင်ရွက်လျက်ရှိရာ နိုင်ငံအတွင်း ပဲစားသုံးမှုဖူလုံရေးအတွက် ပဲသီးနှံဖြစ်သည့် ကုလားပဲ စိုက်ပျိုး ထုတ်လုပ်မှုသည်လည်း အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် ပဲသီးနှံတစ်မျိုးဖြစ်ပြီး ပြည်တွင်း ဈေးကွက်သာမက နိုင်ငံခြားဈေးကွက် ရှိသော သီးနှံဖြစ်သည့်အတွက် ဈေးကွက်ဝယ်လိုအား ရှိနေပြီး ဈေးကောင်းရနေသော ကုလားပဲသီးနှံကို ပိုမိုစိုက်ပျိုးလာပါကြောင်း တောင်သူအများစုထံမှ လေ့လာသိရှိရပါသည်။
DOCA(စစ်ကိုင်း)