Main menu

ဒေသထွက်မြေထောက်ပဲများ ဈေးကောင်းရပြီး ဈေးကွက်များသို့ စတင်တင်ပို့လျက်ရှိ

Powered by Drupal

    ကသာခရိုင်တွင် စိုက်ပျိုးသည့်ပဲသီးနှံများထဲ၌ မြေပဲသည် အများဆုံးစိုက်ပျိူးသော ပဲအမျိုးအစားဖြစ်ပြီး မြေထောက်ပဲသီးနှံမှာ ဒုတိယအများဆုံးစိုက်ပျိုးသောသီးနှံဖြစ်သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ခရိုင်အတွင်း မြေထောက်ပဲစိုက်ဧက (၄၀၅၉၁)ဧကရှိပြီး မြေထောက်ပဲသီးနှံကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းကြောင်းသိရပါသည်။ ယခုနှစ်၌ မြေထောက်ပဲစတင်ပေါ်ချိန်သည် ဈေးကောင်းရရှိသောအချိန်ဖြစ်ပြီး ဈေးကွက်များသို့ စတင်တင်ပို့လျက်ရှိကြောင်းသိရပါသည်။

        ကသာခရိုင်တွင် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် မြေနုကျွန်းများမှ စိုက်ပျိုးထွက်ရှိသောမြေထောက်ပဲများသည် လူကြိုက်များပြီး ဈေးကွက်ခိုင်မာသောဒေသထွက်ကုန်ဖြစ်သည်။ မြေထောက်ပဲကို အစိုခူးဆွတ်ခြင်းနှင့် အခြောက်ခူးဆွတ်ခြင်းဟူ၍ နှစ်မျိုးတွေ့ရသည်။ အဆံထည့်ပြီး ရင့်သည်နှင့် အစိုခူးဆွတ်ပြီးသေား အတောင့်လိုက်ဈေးနှုန်းမှာ ဆယ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ အဆံထွင်ပြီးသောဈေးနှုန်းမှာ နို့ဆီဘူးတစ်ဘူးလျှင် (၅၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချကြပါသည်။

          မြေထောက်ပဲသီးနှံတစ်ဧကလျှင် ကုန်ကျစရိတ်မှာ ကျပ်ခြောက်သိန်းခန့်ရှိကြောင်း၊ ရိတ်သိမ်းချိန်တွင် တစ်ဧကအထွက်နှုန်းမှာ ပျှမ်းမျှအားဖြင့် အဆံ(၁၆)တင်းခန့်ထွက်ရှိကြောင်းသိရသည်။ မြေထောက်ပဲပေါက်ဈေးမှာ အထိုင်ဈေးတစ်တင်းလျှင် (၇၀၀၀၀)ကျပ်၊ မန္တလေးဈေးတစ်တင်းလျှင် (၈၀၀၀၀)ကျပ်ရှိသည့်အတွက် တစ်ဧကလျှင် အကျိုးအမြတ် (၅၂၀၀၀၀)ကျပ်ခန့်ရှိသည်။ ဒေသတွင်းလှောင်လက် အနည်းငယ်သာရှိပါသည်။ ဒေသထွက်မြေထောက်ပဲအားလုံးနီးပါးကို အများအားဖြင့် မန္တလေးသို့တင်ပို့ကြပြီး ဗန်းမော်မှတစ်ဆင့် တရုတ်နယ်စပ်သို့ တင်ပို့မှုရှိကြောင်းနှင့် ယခုလ သီးနှံပေါ်စတွင် နေ့စဉ်တင်း(၃၀၀၀)ကျော်ခန့် မန္တလေးဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း ပဲကုန်သည်များထံမှသိရပါသည်။

DOCA(စစ်ကိုင်း)