Main menu

တပို့တွဲလနှင့် မြန်မာ့ရိုးရာထမနဲထိုးပွဲ

Powered by Drupal

       တပို့တွဲလသည်ဆောင်းရာသီ၏ နောက်ဆုံးပိုင်းလဖြစ်သောကြောင့် အအေးပို၍ နှာရည်ယိုတွဲ တပို့တွဲလ ဟုတင်စားခေါ်ဝေါ်ရသော လတစ်လ ဖြစ်ပါသည်။ ထိုလသည် ရက်မစုံလက်ကွယ်ဖြစ်သောကြောင့် ၂၉ ရက်သာရှိသည်။ ဗေဒင်နက္ခအခေါ်အရ ကုံရာသီဖြစ်ပြီး၊ ရာသီပန်းအနေဖြင့် ပေါက်လဲပန်း၊ လဲပွင့်၊ လက်ပံပွင့် စသည့်ရာသီပန်းများပွင့်သော လလည်းဖြစ်ပါသည်။ တောင်ပေါ်ဒေသများတွင် ချယ်ရီပန်းများ ဝေဝေဆာဆာပွင့်သောလလည်း ဖြစ်ပါသည်။ တပို့တွဲလသည် အအေးဆုံးလဖြစ်ပြီး ထိုလထဲမှာမှ တပို့တွဲလပြည့်နေသည် အအေးဆုံး သောရက်ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်ရာဖြစ်သော အတုမရှိဗုဒ္ဓမြတ်စွာဘုရားရှင်  ကိုယ်တော်တိုင်တောင်မှ ခြေတော်၊ လက်တော်များ အေးစက်သောကြောင့် မြတ်စွာဘုရားအား ရည်စူး၍ ဗုဒ္ဓဘာသာဝင်လူမျိုးတို့ရှိ အိမ်တိုင်း ရှားမီးများ၊ အမွှေးနံသာချောင်းများဖြင့် ပူဇော်ကြပြီး အညံအဆိုးများကင်းဝေးသည်ဟုလည်း ယူဆကြသည်။ ဘုရားများတွင်လည်း ရှားမီးပုံပွဲများ ပြုလုပ်ကြပြီး ရှားမီးရောင်းသူများ၊ ရှားမီးကပ်သူတို့ဖြင့် စည်ကားလှပေသည်။ တစ်ဖက်တစ်လမ်းမှ ဝင်ငွေ ရှာကြသူများကလည်း လပြည့်နေ့မတိုင်မှီ Online မှ တစ်ဆင့် အမွှေးနံ့သာထုတ်များအား အစုံထုပ် တစ်ထုပ် (၃၀၀ဝိ/-)ကျပ် စသည်ဖြင့် ရောင်းချသူများလည်း ရှိပေသည်။ တပို့တွဲလပြည့်နေ့သည် ဩဝါဒပါတိမောက်အခါတော်နေ့ဟု ပါဋိဘာသာစကားဖြင့်ခေါ်ဆိုကြပြီး ဩဝဒ၏ အဓိပ္ပာယ်မှာ ဆုံးမသောနေ့၊ ပါတိမှာ ကျဆုံးခြင်းမှအဓိပ္ပာယ်ရပြီး၊ မောက္ခမှာ လွတ်မြောက်ခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ရပါသည်။

     မြန်မာ့ဆယ်နှစ်လရာသီပွဲတော်များအနက် တပို့တွဲလသည်လည်း ပွဲတော်များအဖြစ်မပါမဖြစ် စည်ကားသောလဖြစ်ပေသည်။ တပို့တွဲလထမနဲထိုးပွဲ ဟုဆိုသည့်အတိုင်း တပို့တွဲလတွင် ထမနဲ၊ ယာကု စသည့်ရာသီစာများ ပြုလုပ်၍ မြန်မာတို့၏ ထုံးတမ်းစဉ်လာအတိုင်း မြတ်စွာဘုရားအား ဦးဦး ဖျားဖျားကပ်လှူပူဇော်ခြင်း၊ ဘိုးဘွားဆရာသမားများအား လှူဒါန်းကျွေးမွေးခြင်း၊ ရဟန်းသံဃာများ ကပ်လှူ လှူဒါန်းခြင်း၊ အိမ်နီးနားချင်းများအား ဝေငှကာ အလှူအတန်းများပြုလုပ်၍ ခင်မင်မှုတိုး ကုသိုလ်ယူလေ့ရှိသော ဓလေ့မှာ လွန်စွာချစ်စရာကောင်းလှပေသည်။ ထမနဲ၏ ပါဝင်ပစ္စည်းများမှာ ကောက်ညှင်း၊ အုန်းသီး၊ မြေပဲ၊ နှမ်း၊ ဆီ၊ သကြား၊ ဆား၊ ဂျင်း စသည့် အဓိကပါဝင်ပစ္စည်းများဖြင့် ထိုးရသောမုန့်တစ်မျိုးဖြစ်သည်။ ထိုလတွင် ထမနဲထိုးရခြင်း၏ ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်း အနေဖြင့် ကောက်ညှင်းဆန်ဖြင့်ထိုးရသောကြောင့် ကောက်ညှင်း၏ သဘောသဘာဝမှာ စေးကပ်မှု ရှိပြီး အားထည့်၍ ထိုးရသောကြောင့် ချွေးများဖြင့် ပူလောင်လာပြီး အေးချမ်းမှုများ ပပျောက်ကာ ထိုလ၏ ရာသီရာတုနှင့် ကိုက်ညီသောကြောင့်  ဖြစ်ပေသည်။ ထိုလမှာပင် အစိုးရဌာန၊ ရပ်ကွက်၊ ကျေးရွာများပါ မကျန် ထမနဲထိုးပြိုင်ပွဲများကို တူညီဝတ်စုံများဖြင့် နေရာဒေသအသီးသီးတွင် ကျင်းပ ကြပေသည်။ အကဲဖြတ်ဒိုင်လူကြီးမင်းများကလည်း အရသာတစ်ခုတည်းနှင့် အကဲဖြတ်လေ့ရှိတာ မဟုတ်ဘဲ အသင်းအဖွဲ့၏ စည်းလုံးခြင်းစိတ်ဓာတ်၊ စီမံခန့်ခွဲမှု၊ သန့်ရှင်းသန့်ရပ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ကို အလေးထား၍ အကဲဖြတ်ရွေးချယ်ကြပါသည်။ အားထည့်၍ ထိုးရသော မုန့်မျိုးဖြစ်၍ စည်လုံးညီညွတ်မှုကို ထင်ဟပ်စေသော  ဒါမှမဟုတ် စည်းလုံးညီညွတ်မှု ပေါ်လွင်စေသော မုန့်မျိုးဖြစ်ပေသည်။ သူ၏ အရသာမှာလည်း အဆိမ့်အရသာ ရှိသောကြောင့် စားလို့အလွန်ကောင်းသော မြန်မာ့ရိုးရာမုန့် ဖြစ်ပေသည်။ အရပ်ဒေသ ကွဲပြီး နှမ်းမနဲ၊ ယာကုထမင်းလို့ အခေါ်ဓလေ့ကွဲပြားပါသေးသည်။ အချို့ Online ပေါ်တွင် ထမနဲ၊ ယာကု စသည့် မုန့်များပြုလုပ်၍ ရောင်းချသူများရှိရာ စားသုံးသူများအနေဖြင့် ကြိုတင်မှာယူနိုင်ပြီး လွယ်ကူသက်သာစွာ ဝယ်ယူသုံးဆောင်နိုင်ပါသည်။ ဈေးနှုန်းအနေဖြင့် တစ်ဗူး (၁၅၀ဝိ/- ၂၀၀ဝိ/- ၃၀၀ဝိ/-) စသဖြင့် ဗူးအကြီး အသေးပေါ်မူတည်၍ ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ထို့ကြောင့် ငွေနှင်းစိုပြီး အအေးပိုတဲ့ တပို့တွဲလလေးမှာ ထမနဲကိုတော့ မြင်ယောင်မိမှာ အသေချာပါပဲ။ မြန်မာ့ ရိုးရာဓလေ့တွေနဲ့ ပြည့်နက်နေတဲ့ ဆယ်နှစ်လ ရာသီထဲမှာမှ ဒီတပို့တွဲလလေးမှာ ထမနဲပြိုင်ပွဲတွေနဲ့ စည်းကား သိုက်မြိုက်စွာ ကျင်းပနေပြီး အလှူအတန်းများဖြင့်လည်း ရှိနေမှာဖြစ်တဲ့အတွက် ကျက်သရေရှိနေမှာ အမှန်ပင် ဖြစ်ပါတော့သည်။

DOCA(ရှမ်း)