ဂျင်း (သွေးဂုံး) ကို မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆၀ ကျော်အနက် နုန်းမြေကောင်းသည့် ကျေးရွာအများစုတွင် စီးပွားဖြစ်ကျယ်ကျယ်ပြန့်ပြန့်မွေးမြူလာပြီး ဂျင်း (သွေးဂုံး)သားပေါက်များ စျေးကောင်းရလျက်ရှိကြောင်း သိရှိရပါသည်။
ဂျင်း(သွေးဂုံး)သားပေါက်တို့သည် ရေကန်တောင်ကျေးရွာတွင်အများဆုံး ထွက်လေ့ရှိပြီး ဂျင်းမွေးမြူခြင်း လုပ်ငန်းအတွက် သားပေါက်များ အများအပြားဝယ်ယူပြီး ပြန်လည် ရောင်းချလျက်ရှိကြောင်း ဂျင်းမွေးမြုသူထံမှသိရှိရသည်။
ယခုနှစ်တွင် ဂျင်းသားပေါက်ရှားပါးခြင်းနှင့် အများအပြားဝယ်ယူခြင်းကြောင့်လည်း ဈေးတက်သွားခြင်းဖြစ်ကြောင်း၊ ယခင်ကတစ်ခြင်းလျှင် ရွာပေါက်ဈေး ကျပ် ၂၀၀၀၀၀ (နှစ် သိန်း)ကျော် သာရှိပြီး ဂျင်းသားပေါက်အရနည်းခြင်း၊ စောင့်ဆိုင်းရခြင်းကြောင့် တစ်ဆင့်ခံ ရောင်းချသူတို့က ကျပ်၄၀၀၀၀၀(လေးသိန်း)ကျော်ဖြင့် ပြန်လည်ရောင်းချနေခြင်းဖြစ်ကြောင်း လည်း ဂျင်း မွေးမြူသူထံမှ သိရှိရပါသည်။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်းတွင် ဂျင်းသားပေါက်တစ်ခြင်းလျှင် ကျပ်၂၀၀၀၀၀(နှစ်သိန်း)နီးပါးအထိသာ ဈေးရှိခဲ့ပြီး ယနေ့ကျွန်းစုမြို့နယ်တွင် ဂျင်း (သွေးဂုံး) သားပေါက် (၂၅ကီလိုပါ) တစ်ခြင်းလျှင် ကျပ်၄၀၀၀၀၀(လေးသိန်း)ကျော်အထိ ဈေးပေါက်နေကြောင်း၊ ဂျင်း(သွေးဂုံး) သားပေါက် တစ်ကီလိုလျှင် ကျပ်၁၈၀၀၀(တစ်သောင်းရှစ်ထောင်)မှ ကျပ် ၃၀၀၀၀(သုံးသောင်း)ဝန်းကျင်ခန့် ရှိပြီး စျေးကွက်ဝင် ဂျင်း ဖြစ်ပါက တစ်ကီလိုလျှင် ကျပ် ၆၅၀၀(ခြောက်ထောင်ငါးရာ)ခန့်ရှိကြောင်း ဂျင်းမွေးသူတို့ထံမှ သိရသည်။ ဂျင်း(သွေးဂုံး)က အသည်းနှင့် ကျောက်ကပ်အားဖြည့်ပြီး သွေးတွင်းအဆီများနေသူ၊ အစာအိမ်ရောဂါအခံရှိသူများ စားသုံးရန်ပိုမိုသင့်လျော်သောကြောင့်လည်း အိမ်နီးချင်းနိုင်ငံများမှ အများအပြား ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါ ဂျင်းတို့အား မောတောင်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းသို့ အများဆုံးတင်ပို့ ရောင်းချလေ့ရှိကြောင်း မြိတ်မြို့ရှိ ရေထွက်ကုန်အဝယ်ဒိုင်တို့ထံမှ သိရသည်။
DOCA(တနင်္သာရီ)