Main menu

လယ်ယာထုန်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

         လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့ မွန်းလွဲ(၁) နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

       အစည်းအဝေးတွင်  လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူထားသော စပါးများအား ကြိတ်ခွဲပြီး ဆန်ပြန်လည် အပ်နှံပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆန်စပါးဝယ်ယူပေးနိုင်သောကုန်သည်များကို တင်ဒါစနစ်ဖြင့် ၂၀၁၉ ခုနှစ်ထွက် စပါးများဝယ်ယူခြင်း၊ ဆန်စပါးပြန်လည်ပေးသွင်းခြင်းဆိုင်ရာ သဘောတူစာချုပ်များကို ချုပ်ဆိုပြီး တင်ဒါအောင်မြင်သူများအနေဖြင့် သဘောတူစာချုပ်ပါ  အချက်အလက် အတိုင်းလိုက်နာ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယခုနှစ်ဆောင်ရွက်သောလုပ်ငန်းစဉ် အောင်မြင်မှုရရှိမှသာ လာမည့်နှစ်တွင် မိုးစပါးအခြေခံဈေးနှုန်းသတ်မှတ်၍ တောင်သူများထံမှ ဝယ်ယူပေးနိုင်မည်ဖြစ်ကြောင်း၊ အခြေခံဈေးနှုန်းသတ်မှတ်နိုင်ရန်အတွက် အစည်းအဝေးခေါ်ယူပြီး စီးပွားရေးရာကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ယင်းအစည်းအဝေးတွင် အခြေခံဈေးနှုန်းဖြင့် စမ်းသပ်ဝယ်ယူခဲ့မှုအပေါ် ပြန်လည်သုံးသပ်ပြီး အခြေခံဈေးနှုန်းဖြင့် စဉ်ဆက်မပြတ်ဆက် လက်ဝယ်ယူနိုင်ရေး ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စာချုပ်ဖောက်ဖျက်မိပါက ဥပဒေအရအရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခက်အခဲများရှိလျှင်လည်း တင်ပြပေးရန်ဖြစ်ကြောင်း ပြောကြားသည်။

    ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ စပါး၊ ဆန်ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့များက စပါးကြိတ်ခွဲပြီးစီးမှု၊ ဆန်များ ပြန်လည်အပ်နှံပြီးစီးမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းများလီမိတက်နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့မှ ဆန်စပါးများအား ပိုးသတ်ထားရှိမှုတို့နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီးက တင်ပြဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးကာ နိဂုံးချုပ်စကားပြောကြားသည်။

   အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ၊ စပါး၊ဆန်ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းများလီမိတက်၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်းငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစပါးကုန်သည်များအသင်းတို့မှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန