Main menu

ရေတာရှည်မြို့မှ အောင်မြင်လျက်ရှိသော ဒေါ်စိန်ဝက်အူချောင်းလုပ်ငန်း

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှ ဒေါ်စိန် ဝက်အူ ချောင်းလုပ်ငန်းသည် အောင်မြင်လျက်ရှိသည့် အသေးစားအိမ်တွင်းစီးပွားရေး လုပ်ငန်းတစ်ခုဖြစ် ပါသည်။ ဝက်အူချောင်းအတွက် လိုအပ်သော ပစ္စည်းများမှာ ဆိတ်အူ၊ ဝက်သား၊ အချိုမှုန့်၊ သကြား၊ ဆားနှင့် ယမ်းစိမ်းတို့ဖြစ်ပါသည်။ ဆိတ်အူကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရပြီး ဝက်သားနှင့်  အခြားပါဝင်ပစ္စည်းများကို ရေတာရှည်မြို့မှ ဝယ်ယူပါသည်။

         ဝက်အူချောင်းထုတ်လုပ်ပုံမှာ ဝက်သားပိဿာချိန် (၂၀)ပိဿာကို အရိုးများဖယ်ထုတ်၍ ဓားဖြင့်နုတ်နုတ်စင်းရပါသည်။ ၎င်းဝက်သားများကြေမွသွားစေရန် အသားကြိတ်စက်ဖြင့် ထပ်မံ ကြိတ်ရပါသေးသည်။ ထို့နောက်ကြိတ်ထားသော ဝက်သားများထဲသို့ အချိုမှုန့်၊ ဆား၊သကြား၊ ယမ်းစိမ်းတို့အား အချိုးကျထည့်နယ်ပြီး ဆားရည်စိမ်ထားသော ဆိတ်အူထဲသို့ အသားညှစ်စက်ဖြင့် သွပ်သွင်းကာ မီးလင်းဖိုကြီးထဲတွင် အခြောက်ခံအပူပေးခြင်းအားဖြင့် လိုအပ်သော ဝက်အူချောင်း များကို ရရှိပါသည်။

       တစ်ကြိမ်ထုတ်လျှင် ဝက်အူချောင်း ၉ ပိဿာရပြီး တစ်လလျှင် ၆ ကြိမ်ထုတ်လုပ်ရ ကြောင်း သိရှိရပါသည်။ ထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ဝက်သား(၂၀)ပိဿာလျှင် (၂၀၀၀၀၀)ကျပ်၊ အချိုမှုန့်ကြီး (၁)ထုပ်လျှင် (၅၃၀၀)ကျပ်၊ သကြား ၁ ပိဿာ လျှင်၅၀ ကျပ်သား(၃၉၀၀) ကျပ်၊ ယမ်းစိမ်း အနည်းငယ်လျှင် (၈၀၀)ကျပ်၊ ဆား ၂၅ ကျပ်သားလျှင် (၂၀၀)ကျပ်၊ ဆိတ်အူ ၁ ပိဿာ လျှင်၅၀ ကျပ်သား (၁၈၀၀၀) ကျပ်၊ စက္ကူ/ပလတ်စတစ်အိတ်ဖိုး(၁၅၆၀၀)ကျပ်၊ လုပ်သားခ(၂)ဦး (၁၂၀၀၀)ကျပ်အပါအဝင် စုစုပေါင်း (၂၅၅၈၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

       ထုတ်လုပ်ရရှိသော ဝက်အူချောင်းများကို ၁၀ ကျပ်သားထုပ်နှင့် ၂၅ ကျပ်သားထုပ်ဟူ၍ နှစ်မျိုးနှစ်စားထုပ်ပိုးပြီး ၁၀ ကျပ်သားထုပ်လျှင် ၄၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ၂၅ ကျပ်သားထုပ်လျှင်၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့များတွင် လက်လီဈေး နှုန်းဖြင့် ဖြန့်ဖြူးလျက်ရှိကြောင်း၊ အော်ဒါမှာယူပါကလည်း လက်ခံဆောင်ရွက်ပေးကြောင်း “ဒေါ်စိန်” အမှတ်တံဆိပ် ဝက်အူချောင်းထုတ်လုပ်သူ၏ ပြောပြချက်အရ သိရှိရပါသည်။

DOCAJ(Bago)