တောင်ငူမြို့ ပတ်ဝန်းကျင်သည် ထန်းပင်ထန်းတောများပေါများပါသည်။ အထူးသဖြင့် မြို့အနောက်ဘက်နှင့်အနောက်မြောက်ဘက်တို့တွင် ထန်းတောများစွာရှိပြီး ဘုရင်တပင်ရွှေထီး ထန်းရည်သောက်ခဲ့ရာ ထန်းတောများဖြစ်သည်ဟု ရာဇဝင်ရှိခဲ့သည်။ တပင်ရွှေထီး ထန်းတောဟု လည်း ဒေသခံခေါ်ကြပါသည်။
ထန်းပင်ထန်းတောများပေါများသဖြင့် မိရိုးဖလာဖြစ်သောထန်းလျက်လုပ်ငန်းကိုလည်း တစ်ပိုင်တစ်နိုင်လုပ်ကိုင်ကြသူများရှိပါသည်။ တောင်ငူမြို့နယ် ဆင်ဆိပ်ကျေးရွာအုပ်စု ပက်တန်း ကျေးရွာရှိ တပိုင်တနိုင် ထန်းလျက်လုပ်ငန်းသို့ သွားရောက်လေ့လာရာတွင် ထန်းလျက်ကို ထန်းရည်အချိုဖြင့် ချက်ရကြောင်း သိရှိရပါသည်။
ထန်းပင်ပေါ်မှ ချချချင်းတွင်ထန်းရည်အိုး ၇ အိုးမှ ၈ အိုးခန့် ထန်းရည်အချိုများကို သန့်စင်ပြီး မိုးဗြဲဒယ် တစ်လုံးတွင်ထည့်၍ မီးပြင်းပြင်းနှင့် ပွက်လာသည့်အထိ ကျိုပေးပြီး သမအောင် မွှေပေးရ ပါသည်။ တစ်ပြိုင်တည်းတွင် မိုးဗြဲဒယ် သုံးလုံး(သို့)လေးလုံး ကျိုချက်ပါသည်။ အရည်ပျစ်လာ၍ ထန်းလျက်သားကျသည့်အခါ မီးဖိုပေါ်မှချပြီး ယောက်မကြီးနှင့်ကော်၍ ဓားဖြင့် သုံးမြှောင့်ပုံ အတုံးချွန်ချွန်ပုံစံ ခုတ်ပေးရပါသည်။
တောင်ငူထန်းလျက်၏ ထူးခြားချက်မှာ အခြားဒေသထွက် ထန်းလျက်များကဲ့သို့ အလုံး မဟုတ်ဘဲ သုံးမြှောင့်ပုံအတုံးချွန်ချွန်လေးများ ဖြစ်ပါသည်။ တစ်ဒယ်လျှင် ထန်းလျက် တစ်ပိဿာခွဲ ခန့်ရကြောင်း ၊သုံးမြှောင့်ပုံ အတုံးချွန်ချွန်ပုံစံ အတုံးလေးများ ခုတ်ထားပြီးသော ထန်းလျက်များကို အအေးခံပြီး တစ်ပိဿာလျှင် ၄၅၀၀ ကျပ် ရောင်းချရကြောင်း သိရှိရပါသည်။
ထန်းလျက်ကို ရေနွေးကြမ်းနှင့်အချိုတည်းကြသည့်အပြင် မြန်မာ့ရိုးရာမုန့်များကိုလည်း ထန်းလျက်ဖြင့် ပြုလုပ်ကြပါသည်။ တောင်ငူထန်းလျက်သည်သဘာဝအချိုဓါတ်တစ်မျိုးဖြစ်သော ထန်းရည်ချိုဖြင့် ပြုလုပ်ထားပြီး ဓာတုဆေးများလုံးဝမပါရှိပါသဖြင့် အဟာရဖြစ်ပြီးခွန်အားပြည့်စေ သည့် မြန်မာ့ရိုးရာ အစားအစာတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(Bago)