Main menu

နောင်ချိုမြို့နယ်မှ မက္ကဒေးမီးယားစိုက်ပျိုးထုတ်လုပ်မှု

Powered by Drupal

            ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းတွင် မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ် လျက်ရှိကြောင်းတွေ့ရှိရပါသည်။ မက္ကဒေးမီးယားအပင်သည် ပင်လတ်၊ ပင်ကြီးမျိုးဖြစ်ပြီး၊ အမြင့်ပေ( ၃၀ မှ ၄၀ ) ကျော်အထိမြင့်တက်လျက်ရှိကာ ဘေးကိုင်းများ အကျယ်ပေ (၄၀)ခန့်အထိ ဖျာထွက်လျက်ရှိသောကြောင့် အရွက်များ အရောင်တောက်ပပြီး စိမ်းလန်းလျက်ရှိ၍ အမြဲစိမ်းသစ်တောပင်ဖြစ်ကြောင်း သိရှိပါသည်။

            မက္ကဒေးမီးယားအပင်စိုက်ပျိုးရာတွင် ကိုင်းဆက်ပင်နှင့် အစေ့စိုက်ပင်ဟူ၍ (၂) မျိုးစိုက်ပျိုးကြပါသည်။ မက္ကဒေးမီးယား၏အစေ့စံ(၁၀၀)ဂရမ်လျှင် အင်အားဖြစ်စေတတ်သော ကယ်လိုရီ (၆၉၁)ပါဝင်ပြီး  ရေဓာတ်(၃)%၊ ပရိုတင်း(၈)%၊ အဆီဓာတ်(၇၀)%၊ ကာဗိုဟိုက်ဒရိတ်(၁၆)%၊ အမျှင်ဓာတ်(၂၅)%၊ ပြာဓာတ်(၂)%၊ ထုံးဓာတ်၊ ဖော့စဖိတ် ဓာတ်၊ ပိုတက်ဆီရမ်ဓာတ် အနည်းငယ်စီပါဝင်ပြီး၊ သိုက်ရာနာမင်း၊ ရိုင်ရိုစလေဗင်၊ နိုင်ရာဓာတ်များ ပါဝင်ကြောင်း သိရှိရပါသည်။

            မက္ကဒေးမီးယားတွင်ပါဝင်သော အဆီဓာတ်တွင် ကိုက်လတ်ဆာရာပါဝင်မှုမရှိသော Mono Unsaturated (၈၀%)  ပါဝင်သဖြင့် ကျန်းမာရေးသီးနှံအဖြစ် အဓိကစားသုံးလာကြကြောင်းသိရပါသည်။

            မက္ကဒေးမီးယားစိုက်ပျိုးရာတွင် မြေအမျိုးအစားရွေးချယ်ရန်လိုအပ်ကြောင်း၊ အဓိကအားဖြင့် အစိုဓာတ် ထိန်းသိမ်းမှုနည်းပါးသော သဲဆန်လွန်းသည့်မြေမျိုးမှလွဲ၍ စိုက်ပျိုးဖြစ်ထွန်းနိုင်ကြောင်း၊ ရေဝပ်ခြင်းမရှိသော သစ်ဆွေးမြေများ၊ အစိုဓာတ်ထိန်းသိမ်းမှုကောင်းမွန်သည့်မြေမျိုးများတွင် စိုက်ပျိုးကြကြောင်း၊ ရာသီဥတုအားဖြင့် နှစ်စဉ်မိုးရေချိန် လက်မ(၆၀)နှင့်အထက် ရွာသွန်းသော ဒေသများတွင် စိုက်ပျိူးရှင်သန်နိုင်သော်လည်း ပန်းပွင့်ချိန် ကာလဖြစ်သော ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် အအေးဓာတ်(၁၄’) မှ(၁၈’) အတွင်း ရရှိရန်လိုအပ်ကြောင်း နှင့် အပူပိုင်းဒေသများတွင် အမြင့်ပေ (၁၅၀၀) မှ (၃၀၀၀) အတွင်းရွေးချယ် စိုက်ပျိုးရန်ဖြစ်ကြောင်း သိရှိရပါသည်။

            မက္ကဒေးမီးယားသည် သီးပွင့်မှုသဘာဝအားဖြင့် ကိုင်းဆက်အပင်သည် သက်တမ်း (၄) နှစ်တွင်လည်းကောင်း၊ အစေ့စိုက်အပင်သည် သက်တမ်း(၆)နှစ်တွင်လည်းကောင်း စတင်သီးပွင့်ကြကြောင်း၊ အစိုဓာတ်ကောင်းမွန်သော ဒေသများတွင် တစ်နှစ်ပတ်လုံးသီးပွင့်နိုင်ပြီး နှစ်ပေါင်း (၆၀) ထိ နှစ်ရှည်ပင် ဖြစ်၍ စီးပွားရေးတွက်ချေကိုက်သော အထွက်နှုန်း ရရှိနိုင်ပြီး နှစ်ပေါင်း (၁၀၀) အထိ သီးပွင့်နိုင်ကြောင်း၊ ကိုင်းဆက်အပင် စိုက်ပျိူးခြင်းသည် အသီးသီးရန် ပို၍မြန်ကြောင်း သိရှိရပါသည်။

            မက္ကဒေးမီးယားအပင်များကို ၁၉၈၂-၁၉၈၃ ခုနှစ်မှစတင်ကာ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်များ တွင်  စမ်းသပ်စိုက်ပျိူးခဲ့ကြကြောင်း၊ ယခုအခါတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် နှင့်ချင်းပြည်နယ်များတွင် စိုက်ပျိူး အောင်မြင်လျက်ရှိကြောင်း သိရှိရပါသည်။

           နောင်ချိူမြို့နယ်တွင် မက္ကဒေးမီးယားအပင်စိုက်ပျိုးဧက (၁၃၀၀၀) ခန့်ရှိပြီး အထွက်နှုန်းမှာ (၁) တန်မှ (၁.၅)    တန်ထိထွက်ရှိကြောင်းသိရှိရပါသည်။ဈေးကွက်အနေဖြင့် မြန်မာပြည်အနှံ့အပြားနှင့် နိုင်ငံခြားသို့ နှစ်စဉ်တင်ပို့ရောင်း ချ လျက်ရှိကြောင်းလေ့လာသိရှိရမှုအား ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(ရှမ်း)