မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်တွင် မြောက်မှတောင်သို့ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ချင်းတွင်းမြစ်၏ မြစ်ရေကြီးချိန် ရေဝင်ရောက်ရာ ကျေးရွာများ၌ မြစ်ရေကျချိန်တွင် ဆောင်းသီးနှံများဖြစ်သည့် မြေပဲ၊ ကုလားပဲ၊ ထောပတ်ပဲ စသည့် အခြားပဲမျိုးစုံသီးနှံများကို စိုက်ပျိုး ကြပါသည်။
ရေစကြိုမြို့နယ်ရှိ ချင်းတွင်းမြစ်၏ အနောက်ဘက်ခြမ်း ရှစ်အိမ်တန်းအုပ်စု၊ ကူတုတ်ကျေးရွာ နေ ကုလားပဲစိုက်တောင်သူ ဦးကျော်အောင်က ချင်းတွင်းမြစ်ရေကျချိန် အောက်တိုဘာ၊ နိုဝင်ဘာလ များတွင် ကုလားပဲကို စိုက်ပျိုးကြပြီး အဓိကစိုက်ပျိုးသည့် ကုလားပဲမှာ ဟော်လန်(ကုလားပဲဝါ)၊ V2 (ကုလားပဲဖြူ)နှင့် 929(ကုလားပဲဝါကြီး)များကို အများဆုံးစိုက်ပျိုးကြကြောင်းမိမိအနေဖြင့် ကုလားပဲ သီးနှံ (၁)ဧက စိုက်ပျိုးလျှင် ကုန်ကျမှုစရိတ်များမှာ မျိုး၊ သွင်းအားစု၊ မြေပြင်ခြင်း၊ ရိတ်သိမ်းခြင်းများ စုစုပေါင်း ကျပ်(၃)သိန်းခန့် ယခင်နှစ်က ကုန်ကျခဲ့ပါကြောင်း၊အထွက်အနေဖြင့် ပိုးမွှားအန္တရာယ် ကင်းရှင်းပြီး အပင်အသေပျောက်နည်းလျှင် (၁)ဧက (၂၀)တင်းထွက် ရှိခဲ့ပါကြောင်း၊ ပိုးမွှားအန္တရာယ် ကျရောက်ပြီး အသေအပျောက်များလျှင် (၁)ဧက (၁၀/၁၅)တင်းခန့်သာ ထွက်ရှိခဲ့ကြောင်း စိုက်ပျိုး တောင်သူ၏ ပြောပြချက်အရသိရှိရပါသည်။
ယခုနှစ်တွင် ရှစ်အိမ်တန်းကျေးရွာတစ်အုပ်စုလုံးမှာ ဧက(၁၀၀) ခန့် စိုက်ပျိုးကြကြောင်း မိမိ အနေဖြင့်လည်း ကုလားပဲသီးနှံအား (929) နှင့် (V2) ကို (၅) ဧက စိုက်ပျိုးထားပါကြောင်း၊ လက်ရှိ ကုလားပဲစိုက်ခင်းများ အနေဖြင့် လတ်တလောအခြေအနေအရ အထွက်နှုန်းကောင်းနိုင်ကြောင်း ဖေဖော်ဝါရီလကုန်ခန့်တွင် ရိတ်သိမ်းရမည်ဖြစ်ပါကြောင်း၊ ပိုးမွှားအန္တရာယ်ကျရောက်ခြင်း၊ အပင် အသေအပျောက်မရှိခြင်း၊ ရာသီဥတုကောင်းမွန်ခြင်းတို့ကြောင့် ယခုနှစ်တွင် အထွက်ကောင်းနိုင်ကြောင်း အထွက်အနေဖြင့် (၂၅/၃၀) တင်းခန့် ထွက်ရှိနိုင်ကြောင်းခန့်မှန်းမိပါသည်။ ယခုနှစ် ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြင်ခြင်း၊ ရိတ်သိမ်းခြင်းမှာ ဈေးနှုန်းများအားလုံး ကြီးမြင့်နေ သဖြင့် (၁) ဧက ကုန်ကျစရိတ်မှာ ကျပ်(၆) သိန်းခန့် ကုန်ကျပါကြောင်း၊ ဈေးနှုန်းအနေဖြင့် (၁) တင်းလျှင် ကျပ်(၆၀၀၀၀မှ ၆၂၀၀၀) ခန့် လက်ရှိအရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုလားပဲစိုက် တောင်သူ များအနေဖြင့် မကြာမီအချိန်တွင် ရိတ်သိမ်းတော့မည် ဖြစ်သည့်အတွက် ဈေးကောင်းရရှိနိုင်ရေး မျှော်လင့်လျက်ရှိကြောင်း တောင်သူဦးအောင်ကျော်၏ ပြောပြချက်အရ သိရှိရပါသည်။
DOCA(မကွေး)