စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေပြီး ရုံးလုပ်ငန်းများ၌ ကျွမ်းကျင်မှုရှိပြီး ဌာန၏လုပ်ငန်း များကိုဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိ နေ့စဉ် နံနက် (၁၀:၀၀) နာရီမှ ညနေ (၁၂:၀၀) နာရီအထိလည်းကောင်း၊ ညနေ (၁၄:၀၀) နာရီမှ (၁၆:၀၀) နာရီအထိလည်းကောင်း သင်ခန်းစာပို့ချပြီး (၃)ရက်တာသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သင်တန်းသားဦးရေစုစုပေါင်း (၁၂)ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဌာနမှဆောင်ရွက်နေသော စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းစဉ်များနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ရုံးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဝန်ထမ်းများကျွမ်းကျင်မှုရှိစေပြီး ဌာန၏လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်စေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
သင်တန်းတွင် ကယားပြည်နယ်ဦးစီးမှူးရုံးရှိ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က နိုင်ငံ့ဝန်ထမ်းဥပဒေအကြောင်းကိုလည်းကောင်း၊ ဦးမိုးညွန့်ဦး (ဦးစီးအရာရှိ)က စီမံရေးရာဌာနခွဲဆိုင်ရာဘာသာရပ်၊ ရုံးလုပ်ငန်းလက်စွဲပါအခန်းများ၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲဆိုင်ရာဘာသာရပ်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာဘာသာရပ်၊ စာကြည့်တိုက်ဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဘာသာရပ်ဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း ဒေါ်သစ္စာဖူး(ဦးစီးမှူး)က ငွေစာရင်းဌာနခွဲဆိုင်ရာဘာသာရပ်၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲဆိုင်ရာဘာသာရပ်၊ မှုဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲဆိုင်ရာဘာသာရပ်များကိုလည်းကောင်း အသီးသီးပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းမှ ဝန်ထမ်းများအနေဖြင့် ဌာနခွဲအလိုက် ပို့ချသောသင်ခန်းစာများမှ အားသာချက်၊ အားနည်းချက်များနှင့် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခြင်း၊ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့် အသိပညာဗဟုသုတများရရှိ၍ ဌာန၏လုပ်ငန်းကိုဆောင်ရွက်ရာတွင် အထောက်အကူဖြစ်ကြောင်း၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့ ညနေ(၁၄:၃၀)နာရီအချိန်တွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းသိရပါသည်။
DOCA(ကယား)